မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု၌ ဆောင်းကြက်သွန်နီစိုက်ဧက စုစုပေါင်း ၃၃၅၆ ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ရေနံချောင်းမြို့နယ်အတွင်းရှိ အရှေ့ကုန်း၊ အုတ်ရှစ်ကုန်း၊ သုံးဆယ်ခြောက်၊ ပင်းဝ၊ မာန်မြေ၊ ကျမ်းကိုင်ကျွန်း၊ ဖောင်းကတော၊ ဘူးကျွန်း၊ ဖောင်းကွဲ၊ ရုံးဆိပ်ကျန်း၊ ဝက်လွတ်၊ ဝတ်မစွတ် စသည့်ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် ဆောင်းကြက်သွန်နီ စုစုပေါင်း ၃၃၅၆ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ “ဆောင်းသီးနှံ ကြက်သွန်နီကို ဇန်နဝါရီလကစပြီး ပင်းချောင်းတစ်လျှောက်မှာ ပင်းချောင်းရေကို အမှီပြုစိုက်ပျိုးပါတယ်။ စိုက်ပြီးသုံးလအကြာမှာ ရိတ်သိမ်းရပါတယ်။ မျိုးအနေနဲ့ ရွှေနီမျိုးကို စိုက်ပျိုးတယ်။ ပျိုးစေ့တစ်ပြည်စိုက် စိုက်ခင်းတစ်ခင်းကနေ ကြက်သွန်နီ ပိဿာ ၁၅၀၀ ခန့် ထွက်ရှိပါတယ်။ လက်ရှိကြက်သွန်နီစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန်မှာ အထွက်နှုန်းကောင်းဖို့နဲ့ ဈေးကောင်းရဖို့ မျှော်လင့်ပါတယ်” ဟု သုံးဆယ့်ခြောက်ကျေးရွာ ကြက်သွန်နီစိုက် တောင်သူတစ်ဦးက ပြောပြသည်။ ရေနံချောင်းမြို့နယ်၌ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီကို စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် အခြားဟင်းသီးဟင်းရွက်များကိုလည်း မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများကိုလည်း အဓိကစိုက်ပျိုးကြကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ