International News

အမေရိကန်နိုင်ငံ၏ အခွန်မူဝါဒအသစ်သည် ဗီယက်နမ်နိုင်ငံကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း အမေရိကန်သံအမတ်ကြီးမှ ပြောကြား

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E Nguyen Hong Dien နှင့် ဗီယက်နမ် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Marc E. Knapper တို့ မကြာသေးမီက တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများနှင့် ပတ်သက်၍ အမေရိကန်၏ အခွန် မူဝါဒအသစ်သည် ဗီယက်နမ်နိုင်ငံကို ပစ်မှတ်ထားခြင်းထက် မျှတသောကုန်သွယ်မှု မြှင့်တင် ဆောင်ရွက်ရန်နှင့် စီးပွားရေးလုံခြုံရေးကို အကာအကွယ်ပေးရန် ရည်ရွယ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဝန်ကြီး H.E Dien က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဗီယက်နမ်မှ တင်ပို့သည့်ငါးတန်ငါးများ နှင့်ပတ်သက်၍ အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် သဘောတူစာချုပ်များ ချုပ်ဆိုခြင်းသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကုန်သွယ်ရေးအငြင်းပွားမှုများကို ထိထိ ရောက်ရောက်ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့၏ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များနှင့် စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကြောင့် ယခုကဲ့သို့ အောင်မြင်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုအား ထိပ်တန်းအရေးပါသော မိတ်ဖက် နိုင်ငံအဖြစ် မှတ်ယူထားပါကြောင်း၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှု များကို တည်တံ့ခိုင်မြဲစေရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကို မြှင့်တင်ရန် လိုလားပါကြောင်း ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် စွမ်းအင်၊ စက်ယန္တရား၊ နည်းပညာနှင့် ကုန်ကြမ်းထည်များအတွက် ယုံကြည်စိတ်ချရသည့် ရေရှည်အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေပါကြောင်း၊ အမေရိကန် နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ပဉ္စမြောက်အကြီးဆုံး သွင်းကုန်ဈေးကွက်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရှိသည့် သွင်းကုန်အမျိုးအစား ၅ မျိုးဖြစ်သည့် ဓာတုပစ္စည်း၊ တိရစ္ဆာန် အစားအစာ၊ ပလပ်စတစ်၊ ပစ္စည်းများနှင့် စက်ပစ္စည်းများကို တင်သွင်းထားကြောင်း ပြောကြားခဲ့ ပါသည်။

ထို့အပြင် ထုတ်ကုန်များနှင့် ထောက်ပံ့ရေးကွင်းဆက်များ ကွဲပြားစေရန်အတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှစ်ဖက်စလုံးမှ အကြံပြုထားကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ သွင်းကုန်များတိုးမြင့်ရန် အဆင့်သင့်ဖြစ်လျက်ရှိသကဲ့သို့ ဗီယက်နမ်ထုတ်ကုန်များအတွက်လည်း အမေရိကန်မှ တံခါးဖွင့်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

ဝန်ကြီး Dien မှ ၂၀၁၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွှန်လွှာကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရန် အကြံပြုခဲ့ ပါသည်။

သံအမတ်ကြီး Knapper က ၂၀၂၅ ခုနှစ်သည် ဗီယက်နမ်-အမေရိကန် သံတမန်ဆက်ဆံရေး နှစ် ၃၀ ပြည့် နှစ်ပတ်လည်အခါသမယဖြစ်ကြောင်းနှင့် အဆိုပါမှတ်တိုင်သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စွမ်းအင်၊ ဆီမီးကွန်ဒတ်တာ၊ AI နှင့် လေကြောင်းအပါအဝင် ကဏ္ဍသစ်များတွင် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေးအတွက် ဗီယက်နမ်အစိုးရအား ဥပဒေမူဘောင်များ အလျင်အမြန်လုပ်ဆောင်ရန် အမေရိကန်က တိုက်တွန်းလိုပါကြောင်း Knapper မှ ပြောကြားခဲ့သည်။

သံအမတ်ကြီးသည် ဗီယက်နမ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုပါ ကြောင်း၊ နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်း အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် လိမ်လည်မှုတိုက်ဖျက်ရေး၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ကုန်သွယ်မှု ရှောင်တိမ်းမှုဆိုင်ရာ  ကုထုံးများအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

၀န်ကြီး Dien ၏ အမေရိကန် ကုန်သွယ်ရေးမူဝါဒများ အပြောင်းအလဲအပေါ် စိုးရိမ်ပူပန်မှု နှင့် ပတ်သက်၍ Knapper က ၎င်းတို့အနေဖြင့် ဗီယက်နမ်ကို ပစ်မှတ်ထားမည့်အစား မျှတသော ကုန်သွယ်မှုမြှင့်တင်ရန်နှင့် စီးပွားရေးလုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် အပြုသဘောဆောင်သော စီးပွားရေး ကုန်သွယ်ရေးဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းလိုကြောင်း သံအမတ်ကြီးက အလေးပေး ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: Government News

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News