International News

အိန္ဒိယနှင့် ဥရောပ (၄) နိုင်ငံတို့အကြား ၁၆ နှစ်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ရသည့် လွတ်လပ်သော ကုန်သွယ်မှုသဘော တူညီချက်စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့

Last Updated:

အိန္ဒိယနှင့် ဥရောပ(၄)နိုင်ငံဖြစ်သော ဆွစ်ဇာလန်၊ နော်ဝေး၊ အိုက်စလန်နှင့် လစ်တန်စတိန်း တို့အကြား ၁၆ နှစ်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ရသည့် လွတ်လပ်သောကုန်သွယ်မှုအဖွဲ့ တည်ထောင်ရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်ကို အဖွဲ့ဝင်နိုင်ငံများအကြား အကောက်ခွန်နှုန်းများ လျှော့ချရန်နှင့် ပို့ကုန်၊ သွင်းကုန်များ လွယ်ကူစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျယ်ပြန့်သောကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို အခြေခံကာ ၁၆ နှစ် အတွင်း ဆွေးနွေးပွဲ ၂၁ ကြိမ် ပြုလုပ်ခဲ့ရပါသည်။ သဘောတူညီချက်ကြောင့်လာမည့် ၁၅ နှစ်အတွင်း အိန္ဒိယနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့်နှင့် အလုပ်အကိုင် ၁ သန်းခန့် ရရှိမည်ဟု ခန့်မှန်းထားပါသည်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တွစ်တာ(X) တွင် အိန္ဒိယ- ဥရောပ လွတ်လပ်သော ကုန်သွယ်မှုဧရိယာတည်ထောင်ရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မှုအပေါ် ဝမ်းမြောက်မိကြောင်း၊ စီးပွားရေးတိုးတက်မှုမြှင့်တင်ရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးရန် ကတိကဝတ်ကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဥရောပနိုင်ငံများနှင့် ပိုမိုပူးပေါင်းခြင်းမှ အနာဂတ်တွင် ချမ်းသာဝပြောမှုနှင့် အပြန်အလှန်တိုးတက်မှုတို့ ရရှိမည်ဖြစ်ကြောင်း ရေးသားထားပါသည်။

ယခုသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံ၏ ဆေးဝါးများ၊ အဝတ်အထည်များ၊ ဓာတုပစ္စည်းများနှင့် စက်ယန္တရားများ ပိုမိုတင်ပို့နိုင်ရန်၊ အိန္ဒိယနိုင်ငံ၏ မော်တော်ကား၊ အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများ၊ မီးရထားလုပ်ငန်းနှင့် ငွေကြေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားပါသည်။ အိန္ဒိယနိုင်ငံသည် ဆွစ်ဇာလန်နိုင်ငံသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများအား အိန္ဒိယမီးရထားလမ်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ထားပါသည်။

ထို့ပြင် ဆွစ်ဇာလန်နိုင်ငံမှ ဇိမ်ခံကုန်အမှတ်တံဆိပ်များနှင့် ထုတ်လုပ်သူများဖြစ်သည့် လက်ပတ်နာရီ၊ အဝတ်အထည်အပါအဝင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် ယခုသဘောတူညီချက်၏  အကျိုးအမြတ်များကို ခံစားရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်များတိုးမြင့်ရန် မျှော်လင့်ရပါသည်။

ဥရောပနိုင်ငံများက ပြုပြင်ပြီးစားသောက်ကုန်နှင့် အဖျော်ယမကာများ၊ လျှပ်စစ်စက်ပစ္စည်းများနှင့် အခြားအင်ဂျင်နီယာထုတ်ကုန်များကို အိန္ဒိယနိုင်ငံကဲ့သို့ ကြီးမားသောဈေးကွက်သို့ သိသာသောအခွန်နှုန်းအနည်းငယ်ဖြင့် တင်ပို့နိုင်မည်ဖြစ်သည်။ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်အဖွဲ့ဝင် ဥရောပနိုင်ငံများအနက် အိန္ဒိယနိုင်ငံ၏ အဓိကမိတ်ဖက်ဖြစ်သော ဆွစ်ဇာလန်နိုင်ငံနှင့် ဆက်ဆံရေးမှာ ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းရပါသည်။ ဆွစ်ဇာလန်ကုမ္ပဏီများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ခဲ့သော်လည်း ယခုသဘောတူညီချက်ကြောင့် ဈေးနှုန်းပိုမိုချိုသာသော ထုတ်ကုန်များကိုရရှိမည်ဟု မျှော်လင့်ရပါသည်။

Source: www.hindustantimes.com

Source: https://commerce.gov.mm

Category: International News