Local News

ဆိပ်ဖြူမြို့နယ်၌ ဆောင်းကုလားပဲသီးနှံစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့ အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ အောက်ဆိပ်၊ ချင်တောင်၊ မြင်ကဝ၊ ဂွေးပင်၊ ကူရှည်၊ အလယ်စု/ရွာမ၊ လိပ်ခြံအုပ်စုအတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းသီးနှံကုလားပဲကို မြစ်ရေဝင် ကိုင်းကျွန်းမြေများ၊ ကြက်သွန်ခင်းကျွတ်များ၊ လယ်ကွဲမြေစပါးခင်းကျွတ်များတွင် နှစ်စဉ်စိုက်ဧက ၃၀၀၀ ခန့်စိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးအနေဖြင့် ထိုင်ဝမ်ကုလားပဲလုံးကြီး (အဖြူ) မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးရာတွင်လွယ်ကူပြီး ကုန်ကျစရိတ်နည်း၍ အထွက်နှုန်းကောင်းမွန်ခြင်းအပြင် ဈေးကွက်ခိုင်မာမှုရှိသည့်အတွက် ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တွင် စိုက်ဧက ၄၀၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဆောင်းကုလားပဲသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းကြကြောင်း၊ ကုလားပဲသီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ် ၆၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၀-၂၂ တင်းထွက်ရှိပြီး သီးနှံပေါ်ချိန်၌ ဒေသတွင်းကုလားပဲဈေးကွက်တွင် ကုလားပဲတစ်တင်းလျှင်ကျပ် ၈၂,၀၀၀ ဖြင့်ရောင်းချရ၍ ဝင်ငွေကျပ် ၁,၆၄၀,၀၀၀ ခန့်ရရှိပြီး ကျပ် ၁,၀၄၀,၀၀၀ ခန့်အမြတ်ရရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

ကုလားပဲသီးနှံသည် သီးနှံပေါ်စမှ ရာသီကုန်ချိန်အထိဈေးကွက်ခိုင်မာမှုရှိ၍ သီးနှံပေါ်စအချိန် ဖေဖော်ဝါရီလလယ်တွင် ကုလားပဲတစ်တင်းလျှင် ကျပ် ၈၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးကွက်၌ ပြည်တွင်းဝယ်လိုအားနည်းပါး၍ တစ်တင်းလျှင် ကျပ် ၇၈,၀၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့ရာ မတ်လ ဒုတိယပတ်တွင် လှောင်လက်သမားများ အဝယ်လိုက်လာ၍ ကုလားပဲအုပ်စုဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး တစ်တင်းလျှင် ကျပ် ၈၂,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ကုလားပဲဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း အထွက်နှုန်းကောင်းမွန်၍ ကုလားပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိသောကြောင့် ဈေးနှုန်းဈေးကွက် ခိုင်မာမှုရှိသော ကုလားပဲသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News