Local News

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာစီပွားရေးသံမှူးနှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံ

Last Updated:

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာစီးပွားရေးသံမှူး Mr. Arvinanto Soeriaatmadja နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် မတ်လ၂၂ ရက်နေ့က ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်စက်မှုစီမံကိန်း အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာစီးပွားရေးသံမှူးက အင်ဒိုနီးရှားနိုင်ငံ၏ ဆန်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ဆန်တင်သွင်းလိုပြီး ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စပါးလုပ်ငန်းအပြင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြားစီးပွားရေးလုပ်ငန်းများတွင်လည်း အင်ဒိုနီးရှားနိုင်ငံရှိ ကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရန် ၎င်းအနေဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးတွင် လာမည့်ဇွန်လ၌ကျင်းပမည့် ကုန်စည်ပြပွဲသို့ပါဝင် တက်ရောက်ပါရန်ဖိတ်ကြားပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးရာတွင် ဆန်စပါးလုပ်ငန်းနှင့် ရေချို၊ ရေငန် ငါး၊ ပုဇွန် စိုက်ပျိုးမွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းများအတွက် နည်းပညာနှင့်အရင်းအနှီးများ လိုအပ်ပါကြောင်း၊ Contract Farming ပုံစံဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ လက်ရှိထွက်ရှိနေသော ဆန်စပါး၊ ပဲ၊ ပြောင်း သီးနှံများကိုလည်း ဧရာဝတီ တိုင်းဒေသကြီးမှ အင်ဒိုနီးရှားနိုင်ငံသို့ တိုက်ရိုက်တင်ပို့လိုကြောင်းနှင့် တိုက်ရိုက်တင်ပို့နိုင်ရန် အခွင့်အလမ်းများလည်း ရှိနေပြီဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က လွှင့်တင်ထားသည့် Digital e-commerce platform နှင့်ပတ်သက်၍ နှစ်နိုင်ငံ exporters နှင့် Buyers များတိုက်ရိုက်ချိတ်ဆက်နိုင်ရန် email ဖြင့်ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေးတင်ပြခဲ့ပါသည်။

source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News