Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငါးခေါင်းပွ ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငါးခေါင်းပွ ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇန်နဝါရီလက ငါးခေါင်းပွပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ငါးခေါင်းပွ ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ငါးခေါင်းပွများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပန်းတနော်ကနေ ငါးခေါင်းပွတွေ ရန်ကုန်ဈေးကွက်ကိုအများဆုံး တင်ပို့ရောင်းချနေတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပထမပတ်လောက်ကနေ ငါးခေါင်းပွတွေတင်ပို့အားထပ်ကောင်းလာတာပါ။ ပြည်တွင်းမှာကို ငါးခေါင်းပွက ဝယ်လိုအားများနေပါတယ်။ ဇန်နဝါရီလကထက် ဖေဖော်ဝါရီလအတွင်း ပိဿာချိန် ၃၂၀၀၀ ထိ တင်ပို့‌‌ရောင်းချခဲ့ရပါတယ်။ လက်ရှိငါးခေါင်းပွတွေ ဝယ်လိုအားကောင်းလာလို့ ငါးလုပ်ငန်းရဲ့နယ်ပယ်အသီးသီးကသူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာပါတယ်” ဟု ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ရီရီက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့်ငါးခေါင်းပွများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ငါးခေါင်းပွများ နေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း ဒေါ်ရီရီက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News