ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကွမ်းသီးခြောက်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်စန်းက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်းက ကွမ်းသီးခြောက်ပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကွမ်းသီးခြောက်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဖေဖော်ဝါရီလအတွင်း ကွမ်းသီးခြောက်ပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချတဲ့ ကွမ်းသီးခြောက်တွေက အရည်အသွေးကောင်းပါတယ်။ လက်ရှိလဲ ဒေသက ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ နေ့စဉ်အမှာကုန်တွေ ရှိနေပါတယ်။ ပန်းတနော်မြို့နယ်ကနေထွက်ရှိတဲ့ ဒေသထွက် ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်အပြင် အခြားဒေသတွေကိုပါ တင်ပို့ရောင်းချနေပါတယ်” ဟု ပန်းတနော်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်စန်းက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည့် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါကွမ်းသီးခြောက် အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကွမ်းသီးညှပ်လုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေနေကြောင်း ပန်းတနော်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်စန်းကပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ