ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးက ပြောပြသည်။ ဟင်္သာတမြို့နယ်တွင် ယခုနှစ် မတ်လဒုတိယပတ်မှ စတင်ပြီး မတ်လ ၂၁ ရက်နေ့ထိ ပဲလွမ်းဖြူများ ဝယ်ယူမှုကောင်းပြီး အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါ ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းလာခြင်းသည် ဒေသထွက် ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှု ကောင်းလာသောကြောင့်ဖြစ်ကြောင်း သိရသည်။ “ဒေသထွက်ကုန် ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ အခုလ ဒုတိယပတ်လောက်ကနေပြီး သိသိသာသာကို အဝယ်လိုက်လာတာဖြစ်ပါတယ်။ အခုအဝယ်လိုက်နေတဲ့အပြင် ဈေးလဲအနည်းငယ်ကောင်းလာပါတယ်။ ဒေသထွက်ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ အဝယ်လိုက်နေလို့ အရောင်းသွက်နေတာဖြစ်ပါတယ်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေ မထွက်သေးပါဘူး။ ဒေသမှာ ပဲလွမ်းဖြူက ဆောင်းသီးနှံတွေ သိမ်းချိန်မှာအထွက်များပါတယ်” ဟု ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးက ပြောပြသည်။ ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၉၅၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြေင်းနှင့် စပါး၊ ဆန်စသည့် ဒေသထွက်ကုန်များကိုလည်း တင်ပို့ရောင်းချကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးက ပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ