၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်၏ပုဇွန်တင်ပို့မှုသည် အထင်ကြီးဖွယ် ကြံ့ကြံ့ခံ နိုင်စွမ်းပြသနေပြီး ပင်လယ်စာလုပ်ငန်းနယ်၏ အဓိကပို့ကုန်အဖြစ် ၎င်းတို့၏ တည်ရှိမှုကို အခိုင် အမာပြသနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်သည် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိခဲ့ပြီး ထိုတန်ဖိုးထဲမှ အမေရိကန် ဒေါ်လာ ၅၄၂ သန်းသည် ပုဇွန်တင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ထို့သို့ ကြီးထွားမှုဆက်လက်အားကောင်းခြင်းသည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ (FTA) များကို ဗီယက်နမ်၏ ထိရောက်စွာအသုံးချနိုင်မှု၊ မဟာဗျူဟာ မြောက်ဈေးကွက်တိုးချဲ့မှု နှင့် စနစ်ကျစွာပြုပြင်ထုတ်လုပ်ခြင်းအားဖြင့် တန်ဖိုးမြင့်ထုတ်လုပ်မှု ကို အသားပေးမှုမြင့်တက် လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်၏ နိုင်ငံ ၆၀ ကျော်နှင့် FTA ကွန်ယက်များ ကလည်း ပင်လယ်စာလုပ်ငန်းများ နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖန်တီးရာတွင် အဓိကကျခဲ့ကြောင်း သိရပါသည်။ VASEP ၏ အတွင်းရေးမှူးချုပ် Nguyen Hoai Nam က ဗီယက်နမ်၏ ပင်လယ်စာသည် ယခုအခါ ကမ္ဘာပေါ်ရှိ ဈေးကွက်ပေါင်း ၆၀ ကျော်သို့ ရောက်ရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ သိသာထင်ရှားသော သဘောတူညီ ချက်များတွင်ပါဝင်သည့် ဗီယက်နမ်-ဥရောပသမဂ္ဂ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီ ချက်သည် ဥရောပသမဂ္ဂသို့ ပုဇွန်တင်ပို့မှုတိုးချဲ့ရန် တည်ငြိမ်သောအလားအလာကို ပိုင်ဆိုင်ထားသည်ဟု ကျွမ်းကျင်သူများက ယုံကြည်လျှက် ရှိကြောင်းသိရပါသည်။ ဥရောပသမဂ္ဂသည် ကမ္ဘာ့အကြီးမားဆုံး ပင်လယ်စာ စားသုံးသူ ဖြစ်သော်လည်း ထိုဈေးကွက်တွင် ဗီယက်နမ်၏ဈေးကွက် ဝေစုသည် အတော်အသင့်သေးငယ် သေးသည့်အတွက် အနာဂတ်တွင် သိသာထင်ရှားစွာကြီးထွား ရန် အလားအလာများကို ပိုင်ဆိုင်ထားကြောင်းသိရပါသည်။ ဗီယက်နမ်ပုဇွန်အတွက် ၆ ခုမြောက် အကြီးမားဆုံး တင်ပို့ရာဈေးကွက်ဖြစ်သည့် ယူကေသည်လည်း စုစုပေါင်းဝင်ငွေရရှိမှု၏ ၅.၅ ရာခိုင်နှုန်းရှိပြီး ဇန်နဝါရီလတင်ပို့မှုမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ယူအေအီးနိုင်ငံနှင် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် လက်မှတ် ရေးထိုးခဲ့သည့် ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသ သို့ ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုအတွက် အခွင့်အလမ်းသစ်များ ဖွင့်လှစ်ပေးနိုင်ကြောင်း သိရပါသည်။ Sao Ta Food Joint Stock Company ၏ ဥက္ကဌဖြစ်သူ Ho Quoc Luc က စီးပွားရေးလုပ်ငန်းများ၏အားထုတ်မှုနှင့် FTA များ၏ ပံ့ပိုးမှုကြောင့် ဗီယက်နမ်ပုဇွန်သည် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂကဲ့သို့သော ကမ္ဘာ့အဓိကဈေးကွက်များတွင် အားကောင်းစွာ တည်ရှိနေကြောင်း သိရပါသည်။ သို့သော် ဈေးကွက်သစ်များသို့ တိုးချဲ့ရာတွင် စိန်ခေါ်မှုများ ရှိလာ ကြောင်း VASEP ကထောက်ပြခဲ့ပါသည်။ ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် အီကွေဒေါ၊ အိန္ဒိယနှင့်ထိုင်းအစရှိသည့် ထိပ်တန်းပုဇွန်ထုတ်လုပ်သည့် နိုင်ငံများထံမှ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထို့ပြင် အမေရိကန်နှင့် ဥရောပသမဂ္ဂ ကဲ့သို့သော အဓိက ဈေးကွက်များတွင် အရည်အသွေးထိန်းချုပ်မှုနှင့် စံနှုန်းနှင့် ပတ်သတ်သည့် တင်းကျပ်သည့် စည်းမျဉ်းများအား ပြည်တွင်းလုပ်ငန်းများက အလိုက်သင့် ချိန်ညှိနိုင်ရန်လိုအပ်ကြောင်း သိရပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ဗီယက်နမ်ပုဇွန်တင်ပို့မှုသည် ထုတ်ကုန်အရည်အသွေးတိုးမြှင့်ခြင်း၊ တန်ဖိုးမြင့်ပြုပြင် ထုတ်လုပ်ခြင်း ကိုမြှင့်တင်ခြင်းနှင့် တင်းကျပ်သော ဈေးကွက်လိုအပ်ချက်များကို လိုက်နာခြင်း တို့အပေါ် အဓိကအာရုံစိုက်သင့်ကြောင်းသိရပါသည်။ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် လည်း ဗီယက်နမ်ပင်လယ်စာအတွက် ပို့ကုန်လမ်းကြောင်းသစ်များ ဖွင့်လှစ်ပေးနိုင်ရန် နည်းပညာအတားအဆီးများဖယ်ရှားရန်နှင့် အကောက်ခွန်လျှော့ချရန် လုပ်ဆောင်လျှက် ရှိကြောင်း သိရပါသည်။
Source: https://www.doca.gov.mm