Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက စိုက်ပျိုးရေးကောက်ရိုးမှို ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ဒေသထွက်စိုက်ပျိုးရေးကောက်ရိုးမှို ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီတင့်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်းက စိုက်ပျိုးရေး‌ကောက်ရိုးမှိုပိဿာချိန် ၆၅၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း စိုက်ပျိုးရေး‌ကောက်ရိုးမှို ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးကောက်ရိုးမှို တစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀၀ မှ ၁၄၅၀၀ ထိ ဈေးရှိနေကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ဒေသထွက်တဲ့ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတာ များပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း ကောက်ရိုးမှို ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်က ကောက်ရိုးမှိုတွေ မှာယူအားကောင်းနေပါတယ်။ ဘိုကလေးမြို့နယ်မှာက အခြားစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ယှဉ်တွဲပြီး မှိုစိုက်ပျိုးတဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်” ဟု ဘိုကလေးမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီတင့်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှထွက်ရှိသည့် စိုက်ပျိုးရေးကောက်ရိုးမှိုများအပါအဝင် လယ်ယာထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ မှိုများဝယ်ယူအားကောင်းလာသည့်အတွက် စိုက်ပျိုးသူများ၊ ရောင်းဝယ်သူများ၊ စိုက်ပျိုးရေးလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News