Local News

ပြည်တွင်း ပြည်ပဝယ်လိုအားကြောင့် ကုလားပဲအုပ်စုဝင်ပဲ အမျိုးအစားများ အရောင်းအဝယ်ကောင်းနေ

Last Updated:

သီတင်းကျွတ်ကာလအပြီး မန္တလေးဈေးကွက်အတွင်း၌ ပြည်တွင်း ပြည်ပဝယ်လိုအားကြောင့် မြန်မာထွက်ကုန် ကုလားပဲအုပ်စုဝင် ပဲအမျိုးအစားများ အရောင်းအဝယ်သွက်ကာ ဈေးကောင်းများရရှိနေကြောင်း မန္တလေးပဲကုန်သည် များထံမှ သိရသည်။ မန္တလေးဈေးကွက်အတွင်း ကုလားပဲအုပ်စုဝင် ပဲအမျိုးအစားများအနေဖြင့် V2၊ V7၊ 929၊ ဗမာကုလားပဲများ ဟူ၍ ရှိကြောင်း၊ ဈေးနှုန်းအမျိုးအစားများအနေဖြင့် V2 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁၂၀၀၀၊ V7 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးများဖြင့် ဈေးကောင်းရရှိကာ အရောင်းအဝယ် သွက်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ “ မန္တလေးဈေးကွက်ထဲမှာ ကုလားပဲ အုပ်စုဝင် ပဲအမျိုးအစားတွေ အရောင်းအဝယ်သွက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ထက်စာရင် တောင်သူတွေ ဈေးကောင်းလည်းရရှိနေပါတယ်။ ဒီနှစ်က ကုလားပဲအထွက်နှုန်းလည်း အသင့်အတင့်ကောင်းမွန်ပါတယ်။ ကုလားပဲကို နှစ်စဉ်ဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတွေက ဝယ်ယူနေပါတယ်။ ကုလားပဲက မြန်မာလူမျိုးတွေရဲ့ အကြိုက်နှစ်သက်ဆုံး ပဲအမျိုးအစားဖြစ်တယ်။ စားတဲ့နေရာမှာလည်း အဟာရဖြစ်တဲ့အပြင် အရသာမှာလည်း ကောင်းမွန်တဲ့အတွက် မြန်မာလူမျိုးတွေဟာ ကုလားပဲကို မျိုးစုံလုပ်စားကြပါတယ်။ အလှူအတန်းတွေမှာလည်း မပါမဖြစ်ကြိုက်နှစ်သက်တဲ့ပဲပါ။ ကုလားပဲကို ပြည်တွင်းစားသုံး မှုအတွက် အများဆုံးစိုက်ပျိုးပါတယ်။ လက်ရှိအချိန်က ကုလားပဲစိုက်ပျိုးတဲ့ ရာသီချိန်ဖြစ်တဲ့အတွက် တောင်သူတွေ ကြိုးစားပြီး စိုက်ပျိုးနေကြပါတယ်။ ဈေးကောင်းရနေတဲ့အတွက်ကြောင့် စိုက်ဧကတွေလည်း ပိုမိုများပြားလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာထွက်ကုန် သီးနှံကုလားပဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ ယင်းကုလားပဲကို ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင်တစ်ရာသီသာ ပြည်တွင်းစားသုံးရန် အများဆုံးစိုက်ပျိုးကြပြီး လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်တွင် အဆိုပါ ကုလားပဲများ ပြည်တွင်းပြည်ပ ဝယ်လိုအားကြောင့် ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News