ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက် သခွားသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ် ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သေးသေးက ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့ နယ်တွင် ဒေသထွက်သခွားသီးများ ထွက်ရှိပြီး နိုဝင်ဘာလပထမပတ်မှ စတင်ပြီး ယနေ့ထိ သခွားသီးများအရောင်း အဝယ်ကောင်းမွန်းနေကြောင်း၊ အဆိုပါ ရောင်းတန်းဝင်သခွားသီးများ တစ်ရက်လျှင် အလုံးရေ ၁၈၅၀၀ ထိ အရောင်း အဝယ် ကောင်းနေကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်က ထွက်ရှိတဲ့ သခွားသီးတွေအရောင်းအဝယ်ကောင်းနေ ပါတယ်။ လက်ရှိဒေသမှာ စိုက်ထားတဲ့ သခွားသီးတွေ ထွက်နေပါတယ်။ ကျောင်းကုန်းနဲ့ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက ဝယ်ယူမှုများနေပါတယ်။ လက်ရှိ တစ်ရက်ကို သခွားသီး အလုံးရေ ၁၈၅၀၀ ထိ ရောင်းချနေရပါတယ်။ ကျောင်းကုန်းမြို့နယ်ထွက် သခွားသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းသလို အထွက်နှုန်းလဲ ကောင်းနေပါတယ်” ဟု ကျောင်းကုန်းမြို့နယ်ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သေးသေးက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးထွက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေသည့် သခွားသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၀၅၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် သခွားသီးများနှင့် အခြားကုန်စိမ်းများကို ပုသိမ်၊ ကျောင်းကုန်း၊ ငွေဆောင် စသည့်ဒေသများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ