Local News

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ ဖူးစားပြောင်း(ဆောင်း) သီးနှံများ စတင်ထွက်ပေါ်ပြီး အရောင်းအဝယ်သွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ဖူးစားပြောင်း သီးနှံကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ဖူးစားပြောင်း(ဆောင်း) ၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုချိန်တွင် ဖူးစားပြောင်း(ဆောင်း) သီးနှံများ စတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ ဖူးစားပြောင်း(ဆောင်း)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုး၍ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ထွက်ပေါ်ကြောင်း၊ ဖူးစားပြောင်း(ဆောင်း)ကို ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုင်ဝမ်များကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ငါးသိန်းခန့် ကုန်ကျကြောင်း၊ လက်ကားဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တိုက်ရိုက်ရောင်းချကြသည့်အပြင် ပွဲစားများကလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကာ ကျောက်ဆည်နှင့် မန္တလေးမြို့တို့သို့ ရောင်းချကြပြီး တောင်သူများက ရန်ကုန်-မန္တလေးလမ်းဘေးတွင်လည်း လက်လီရောင်းချကြကြောင်း၊ ထိုင်ဝမ်သကြားပြောင်းဖူးမှာ လူကြိုက်များသော ကြောင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း၊ ဖူးစားပြောင်း စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွား အစာများအဖြစ် ပြောင်းရိုးများကိုလည်း ပြန်လည်ရောင်းချရသည့်အပြင် ကာလတို သီးနှံဖြစ်သည့်အတွက် တွက်ခြေကိုသည့် သီးနှံဖြစ်ကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News