Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းလျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးဝင်းက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသည့်ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး မတ်လပထမပတ်မှစတင်၍ အရောင်းအဝယ်ကောင်းနေကြောင်း၊ ယခုလက်ရှိ ကြက်သွန်နီပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၂၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်မှာ အရင်နှစ်တွေကထက် ဒီနှစ် ကြက်သွန်နီတွေအထွက်နှုန်းနည်းနေတယ်လို့ သိရပါတယ်။ အထွက်နှုန်းနည်းနေပေမဲ့ ပုံမှန်ဝင်ရောက်နေပါတယ်။ အခြားဒေသတွေကနေ ဧရာဝတီတိုင်း‌ဒေသကြီးကို ကြက်သွန်နီတင်ပို့တာလဲနည်းတယ်။ လက်ရှိပေါက်နေတဲ့ကြက်သွန်နီဈေးကလဲ သင့်တယ်လို့ပြောရမယ်။ လက်ရှိ ပိဿာချိန် တော်တော်များများ အ‌ရောင်းအဝယ်ဖြစ်နေတယ်။ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ ကြက်သွန်နီက အရောင်းအဝယ်တော်တော်ကောင်းနေပါတယ်။ လက်ရှိတစ်ပတ်ကို ပိဿာချိန် ၁၀၀၀ နဲ့အထက်မှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု မအူပင်မြို့နယ်မှလယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးဝင်က ပြောပြသည်။

မအူပင်မြို့နယ်တွင် ယခုလက်ရှိတစ်ပတ်လျှင် ကြက်သွန်နီပိဿာချိန် ၁၀၀၀ မှ ၁၄၀၀ ထိ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီများအရောင်းအဝယ်ကောင်းနေခြင်းကြောင့် ကြက်သွန်နီစိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူတင်ပို့သည့်လုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ စသည့်လုပ်ငန်းများ အခွင့်အလမ်းကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နေရကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News