ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ရက် ၉၀ စပါးတင်းရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝေဝေခိုင်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ရက် ၉၀ စပါးတင်းရေ ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်းရက် ၉၀ စပါးအမျိုးအစားတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရက် ၉၀ စပါးတင်းရေ ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီဘက်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အများဆုံးတင်ပို့ရောင်းချပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ ရက် ၉၀ ဆိုတဲ့ စပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားစပါးတွေနဲ့ ယှဉ်ရင်ပြီးခဲ့တဲ့ တစ်လအတွင်းမှာကော လတ်တလောအနေနဲ့ ရက် ၉၀ စပါးတွေ အရောင်းအဝယ်ပိုဖြစ်နေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေခိုင်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ရက် ၉၀ စပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၇၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်းသိရှိရသည်။
Source: ရတနာပုံ သတင်းစာ