Local News

မြေပဲဆံဈေးကောင်းတာကြောင့် မြေနုကျွန်းစိုက်တောင်သူများ အဆင်ပြေ

Last Updated:

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆံများ ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိတာကြောင့် မြေနုကျွန်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ မြေနုကျွန်းစိုက် မြေပဲစိုက်ခင်းများကို အောက်တိုဘာလ ၁၅ ရက် ဝန်းကျင်က စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နုတ်သိမ်းရာ တစ်ဧက မြေပဲတင်း(၅၀)ခန့်ထွက်ရှိတာကြောင့်လည်း အထွက်နှုန်း ကောင်းခဲ့သည်။ ထို့အပြင် မြေပဲဆံဈေးမှာလည်း ပိဿာ ၁၀၀လျှင် ငွေကျပ် ၈၇၀၀၀၀ ကျော် ပေါက်ဈေးရှိတာကြောင့်လည်း တောင်သူများထပ်ဆင့် အကျိုးအမြတ်ကောင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးခင်မောင်ရင်က  မန္တလေးနေ့စဉ်ကိုပြောသည်။

"မြေနုကျွန်းစိုက်ခင်းတွေကို စက်တင်ဘာလ ရေကျချိန်မှာ မြေပြုပြင်ပြီး ဈေးကွက်ကောင်းမည့် သီးနှံကို ရွေးချယ်စိုက်ပျိုးခဲ့တာပါ။ သီးနှံရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ မြေနုကျွန်းရာသီဥတုနဲ့ ကိုက်ညီတဲ့သီးနှံလည်းဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းသလို ဒီနှစ်မြေပဲဈေးကွက်ကောင်းတော့ တောင်သူတွေ အဆင်ပြေကြပါတယ်" ဟု ၎င်းကပြောသည်။ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရာတွင် ထွန်ယက်စိုက်ပျိုးစရိတ်၊ သွင်းအားစုများ ဈေးကောင်းခြင်း၊ လုပ်သားစရိတ်၊ စက်သုံးဆီများ ဈေးများကြီးမြင့်တာကြောင့် တစ်ဧက စိုက်ပျိုးစရိတ်ငွေကျပ် ၆သိန်းဝန်းကျင် ကုန်ကျသော်လည်း မြေပဲဆံဈေး ကောင်းမွန်တာကြောင့် တစ်ဧက ငွေကျပ် ၁၄ သိန်းခန့် အကျိုးအမြတ်ရရှိ ကြောင်း သိရသည်။

Source: ‌မကွေးဂျာနယ်

Category: Local News