International News

ဆန်စပါးလုပ်ငန်း မဟာမိတ်အဖွဲ့ထူထောင်ရန် ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သဘောတူ

Last Updated:

ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများသည် ဆန်စပါးလုပ်ငန်းနယ်ပယ်၌ မိတ်ဖွဲ့ရင်းနှီးမြှုပ်နှံမှုဖြင့် ကုန်သွယ်ရေးဆက်ဆံမှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကြား ဆန်စပါးလုပ်ငန်း မဟာမိတ်အဖွဲ့တစ်ရပ်ကိုထူထောင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်း ANN သတင်းအရင်းအမြစ်ကို ကိုးကားလျက် မလေးရှား The Star Online သတင်းဝက်ဆိုက်က ဖော်ပြပါသည်။

ဇူလိုင်လ ၉ ရက်နေ့ ဟနွိုင်မြို့၌ ကျင်းပသော ဆွေးနွေးပွဲတစ်ရပ်တွင် ဗီယက်နမ်နိုင််ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး Le Minh Hoan က ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးသော ဆန်တင်ပို့ရာ ဈေးကွက်နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးဆန်တင်ပို့မှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်းရှိကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း စုစုပေါင်း ဆန်တင်ပို့မှု ပမာဏသည် တန်ချိန် ၄.၆၈ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၉၈ ဘီလီယံရှိကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၀၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ဈေးကွက်နှင့် စားသုံးသူတို့၏ လိုလားချက်လျင်မြန်စွာ ဖြစ်ပေါ်ပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးလုပ်ငန်းကဏ္ဍသည် ကုန်ထုတ်လုပ်မှု၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတို့တွင် သိသာထင်ရှားသော အသွင်ကူးပြောင်းမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ ထုတ်လုပ်မှုစရိတ် လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ အမျိုးသားစားနပ်ရိက္ခာဖူလုံမှု ခိုင်မာရေး၊ ပို့ကုန်ဈေးကွက်တိုးချဲ့ရေးနှင့် နိုင်ငံတကာဈေးကွက်၌ ရေရှည်တည်တံ့နိုင်မည့် ဆန်အမှတ်တံဆိပ်များ ထူထောင်ရေးတို့အပေါ် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး Mr. Hoan က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ၂၀၂၃ ပြည့်နှစ် နောက်ဆုံးထား၍ ဖော်ဆောင်ရန်နှင့် ၂၀၄၅ ခုနှစ်၌ အောင်မြင်မှုရရှိရန် မျှော်မှန်းချက် ချမှတ်ထားမှုနှင့်အတူ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါး သည့် အစိမ်းရောင် လယ်ယာစိုက်ပျိုးရေး တန်ဖိုးကွင်းဆက်ကိုထူထောင်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr က ၎င်းတို့အနေဖြင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်တန်ချိန် ၂.၁၇ သန်းကို တင်သွင်းခဲ့ပြီး ယင်းပမာဏအနက် တန်ချိန် ၁.၅၉ သန်းသည် ဗီယက်နမ်နိုင်ငံမှ ရယူခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ လယ်ယာကဏ္ဍတွင်  ထုတ်လုပ်မှုစွမ်းရည်နိမ့်ကျခြင်းနှင့် ကွက်ကျားစိုက်ပျိုးထုတ်လုပ်မှု ပုံသဏ္ဌာန်ဖြစ်ပေါ်နေခြင်းတို့အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး စားနပ်ရိက္ခာဖူလုံမှုအပေါ် ဖိအားဖြစ်ပေါ်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ဆန်စပါးလုပ်ငန်း မဟာမိတ်အဖွဲ့တစ်ရပ်ကို ထူထောင်ခြင်းဖြင့် ဆန်ကုန်သွယ်ရောင်းဝယ်ဆက်ဆံမှုကို ရင်းနှီးမြှုပ်နှံရေး မိတ်ဖက်ဆောင်ရွက်မှုအဖြစ်သို့ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှ စက်ပစ္စည်းနှင့် နည်းပညာများ တင်သွင်းနိုင်မည့် အခွင့်အလမ်းများကို လေ့လာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာများကို တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mr. Hoan က ဆန်စပါးလုပ်ငန်းနယ်ပယ်၌ မိတ်ဖက်ရင်းနှီးမြှုပ်နှံမှုသည် ဗီယက်နမ်နိုင်ငံမှ ကြိတ်ခွဲပြီးဆန်ကို တင်ပို့မှုထက် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုကွင်းဆက်ကို စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်စေမည့် သင့်လျော်သော နည်းပညာများအား ပေးပို့ခွင့်ရရှိစေမည်ဖြစ်ကြောင်း ပြောကြားလျက် ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန် Mr. Francisco ၏ အဆိုပြုချက်ကို သဘောတူညီခဲ့သည်။ ထို့အပြင် ငါးလုပ်ငန်းကဏ္ဍ၌ ပူးပေါင်ဆောင်ရွက်မှုကို မြှင့်တင်ရန် Mr. Hoan က တိုက်တွန်းပြောဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအတွက် ၁၂ နှစ်ကြာ အဓိကဆန်ပေးသွင်းသည့် နိုင်ငံအဖြစ် တည်ရှိနေခဲ့ကြောင်း၊ ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ အရာရှိများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ပထမ ရက်သတ္တပတ်တွင် ဗီယက်နမ်နိုင်ငံ၊ Cuu Long ပြည်နယ်၊ မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရှိ အရည်အသွေးမြင့်စပါး ဟက်တာတစ်သန်းစီမံကိန်းသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

Source: The Star Online, 15 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News