Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့ဝင်း ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ဒေသထွက်ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဇူလိုင်လက သွေးခုံးပိဿာချိန် ၅၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ၃၁ ရက်ထိ သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ တင်ပို့ရောင်းချခဲ့သည့် သွေးခုံး ၁၀ ပိဿာလျှင် ငွေကျပ် ၁၁၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ဩဂုတ်လအတွင်း သွေးခုံးတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့အားကောင်းခဲ့ပါတယ်။ ဒေသထွက်ရေထွက်ကုန်တွေကို ရန်ကုန်ဘက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို သွေးခုံးအမျိုးအစားတွေက ဝယ်ယူမှုများပြားနေပါတယ်။ ဇူလိုင်လအတွင်းက သွေးခုံးပိဿာချိန် ၅၄၀၀၀ ထိပဲ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဩဂုတ်လမှာတော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့တာပါ။ လက်ရှိ စက်တင်ဘာလထဲမှာလည်း သွေးခုံးတွေအပါအဝင် ဒေသထွက်ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှု များပြားနေပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့ဝင်းက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်သွေးခုံးများ တင်ပို့ရောင်းချနိုင်သည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ အရောင်းအဝယ်ပြုလုပ်သူများ အဆင်ပြေလျက်ရှိကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများအပါအဝင် အခြားရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များ လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News