ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငွေတိုးစပါးတင်းရေ ၆၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အိမ်မဲမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေကေခိုင်က ပြောပြသည်။ အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလက ငွေတိုးစပါးတင်းရေ ၄၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း ငွေတိုးစပါးတင်းရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ တစ်လအတွင်း ငွေတိုးစပါးတင်းရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အိမ်မဲမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါတယ်။ ငွေတိုးစပါးအမျိုးအစားက အကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ ငွေတိုးစပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အမျိုးအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ တင်ပို့ရောင်းချတဲ့အခါမှာလဲ အခက်အခဲမရှိပါဘူး” ဟု အိမ်မဲမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကေကေခိုင်က ပြောပြသည်။ အိမ်မဲမြို့နယ်မှ ငွေတိုးစပါးတင်းရေ အများအပြားကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့သည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ငွေတိုးစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၇၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ