Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ဘိုကလေးမြို့နယ်သို့ ဧပြီလတွင် ကွမ်းရွက်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ဘိုကလေးမြို့နယ်သို့ ပြီးခဲ့သည့် ဧပြီလတွင် ကွမ်းရွက်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းရွက်၊ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ဘိုကလေးမြို့နယ်သို့ ပြီးခဲ့သည့် မတ်လက ကွမ်းရွက်ပိဿာချိန် ၅၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကွမ်းရွက်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကွမ်းရွက်က တော်တော်ကိုဝယ်လိုအား ကောင်းလာတယ်။ ကွမ်းရွက်တွေဝယ်လိုအားကောင်းလာတဲ့အတွက် ကွမ်းစိုက်တဲ့လုပ်ငန်းရှင်တွေ အဆင်ပြေတယ်။ လက်ရှိ ကွမ်းရွက်ပိဿာချိန် တော်တော်များများတင်ပို့ရောင်းချနေရပါတယ်။ ‌မော်လမြိုင်ကျွန်းမြို့နယ်ဘက်မှာက ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေအများအပြားရှိပါတယ်။ အခုဒေသထွက် ကွမ်းရွက်တွေကို ဒေသဈေးကွက်အပြင် ဘိုကလေးမြို့နယ်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက်ကွမ်းရွက်များကို စနစ်တကျရွေးထုတ်သန့်စင်ပြီး ဒေသဈေးကွက်အပြင် ဘိုကလေးမြို့နယ်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသတွင် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲကာကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ဆောင်ကြပြီး ပုလွန်စော၊ ဝဲဒေါင့်၊ ကျော်ဇံ၊ အုန်းပင်စု၊ မြစ်ကလေးတန်း၊ ကျူချောင်း၊ စခန်းကြီး၊ ဘုရားကြီး၊ မအူထုံး၊ ထနီး၊ ဝက်ကွင်း၊ နတ်မူး စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ဒေါ်ဆွေဆွေက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News