International News

ထိုင်းနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် SMEs ပြပွဲ ကျင်းပပြုလုပ်

Last Updated:

အများနှင့်သက်ဆိုင်သော ကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍများသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်အခွင့်အလမ်းများရရှိစေရန် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပါဝင်သော Thailand SMEs Synergy Expo 2024 ကုန်စည်ပြပွဲကို  ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇွန်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ Queen Sirikit အမျိုးသားညီလာခံစင်တာ တွင် ၅ ရက်တာ ကျင်းပခဲ့ပြီး ပွဲတော်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD)၊ အသေးစား၊ အလတ်စား လုပ်ငန်းများ မြှင့်တင်ရေးရုံး (OSMEP)၊ ထိုင်းနိုင်ငံအစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Napintorn Srisunpang က ပွဲတော်သည် SMEs များ နိုင်ငံတကာအဆင့်ထိ တိုးချဲ့ထိုးဖောက်နိုင်ရန်အတွက် လှုံ့ဆော်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကြောင်းနှင့် ၂၀၂၇ ခုနှစ်တွင် SMEs များသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)တွင် ပါဝင်သည့် ပမာဏကို လက်ရှိ ၃၅% မှ ၄၀% အထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mr.Napintorn က DBD ကို SMEs များကို စီးပွားရေးစီမံချက်ရေးဆွဲခြင်း၊ ရန်ပုံငွေအရင်းအမြစ် များရှာဖွေခြင်းနှင့် ရောင်းချမည့်နေရာများ ဆုံးဖြတ်ချခြင်းတို့တွင် ကူညီရင်း OSMEP နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရပါသည်။ ထို့ပြင် Mr.Napintorn က ပွဲတော်တွင် ပါဝင်သည့် SMEs များသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်း အချင်းချင်း၊ စီးပွားရေးလုပ်ငန်းမှ ဝယ်ယူသူနှင့် အခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်စသည့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပွဲတော်တွင် အစားအသောက်နှင့် အဖျော်ယမကာ၊ ပညာရေး၊ ဝန်ဆောင်မှု၊ အလှပြုပြင်ရေး၊ အလှကုန်များနှင့် လက်လီကဏ္ဍတို့ ပါဝင်သည့် လုပ်ငန်း(၆၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ SMEs များအတွက် ဘဏ်နှင့် အာမခံကုမ္ပဏီ ၁၈ ခုတို့မှ အထူးအတိုးနှုန်းထားနှင့် ဘတ် ၄၅ ဘီလီယံ ချေးငှားရန် ကမ်းလှမ်းထားကြောင်းနှင့် အဆိုပါ ပွဲတော်မှ ဘတ်သန်း ၁၄၀ ရရှိရန် မျှော်လင့်ထားကြောင်း Mr.Napintorn က ပြောကြားခဲ့ပါသည်။

Source: Bangkok Post

Source: https://www.doca.gov.mm

Category: International News