ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပင်လယ်စာကင်းမွန်ငါးပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုမာက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ပင်လယ်စာကင်းမွန်ငါး ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ပင်လယ်စာကင်းမွန်ငါးပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကင်းမွန်ငါး တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ မှ ၃၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
“လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်တွေ ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း ပင်လယ်စာကင်းမွန်ငါး ပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အရင်ကထက်လဲ ပိုပြီးအရောင်းအဝယ်သွက်လာပါတယ်။ ကုန်များများတင်ပို့ရောင်းချနိုင်ခဲ့တာကြောင့် ရေလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းရှင်တွေ အဆင်ပြေတာ တွေ့ရပါတယ်။ လက်ရှိကင်းမွန်ငါးဈေးကတော့ ပုံမှန်အနေအထားမှာ ရှိပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုမာက ပြောပြသည်။
အဆိုပါ ပင်လယ်မှ ဖမ်းဆီးရရှိသည့် ကင်းမွန်ငါးများကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကင်းမွန်ငါးများကို ရန်ကုန်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကင်းမွန်ငါးများ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းများ အဆင်ပြေစွာလုပ်ကိုင်လျက်ရှိကြောင်း ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုမာထံမှ သိရသည်။
Source: ရတနာပုံသတင်းစာ