Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြသည်။

မအူပင်မြို့နယ်အတွင်း ရှမ်းပြည်နယ်ဘက်မှ ကြက်သွန်ဖြူများဝင်ရောက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇွန်လက ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူ တစ်ရက်လျှင် ပိဿာချိန် ၄၀၀ ထိသာ အရောင်းအဝယ်ရှိခဲ့ပြီး ဇူလိုင်လ ပထမပတ်မှ ဇူလိုင်လ ၂၃ ရက်နေ့ထိ တစ်ရက်လျှင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူပိဿာချိန် ၆၀၀ ထိ အရောင်းအဝယ်ကောင်းမွန်လာကြောင်း သိရသည်။

“ကြက်သွန်ဖြူက အခုလ ပထမပတ်လောက်ကတည်းက အရောင်းအဝယ်‌ကောင်းနေတာပါ။ လက်ရှိ မအူပင်မြို့နယ်အတွင်းက ရှမ်းပြည်နယ်ဘက်ကနေထွက်တဲ့ ကြက်သွန်ဖြူတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ဝင်ရောက်နေတဲ့ ကြက်သွန်ဖြူတွေက သန့်ရှင်းပြီး အရည်အသွေးကောင်းတာလဲ တွေ့ရပါတယ်။ လက်ရှိ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၉၅၀၀ ကနေ ငွေကျပ် ၁၁၀၀၀ လောက်ထိ ပေါက်ဈေးရှိပါတယ်” ဟု မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်ကပြောပြသည်။

မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးနှင့် ကြက်သွန်ဖြူပွဲရုံများသို့ တစ်ရက်လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၁၀၀၀ မှ ၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ အဆိုပါရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ လုပ်သားများ၊ ပွဲရုံပိုင်ရှင်များအလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News