International News

ကိုရီးယားလေကြောင်းလိုင်းကို တိုးချဲ့၍အဆင့်မြှင့်တင်မည့် မဟာဗျူဟာ မြောက်ရည်မှန်းချက် အတွက် Boeing ကုမ္ပဏီထုတ် လေယာဉ် အစီးရေ ၅၀ အထိ ဝယ်ယူသွားမည်

Last Updated:

တောင်ကိုးရီးယားနိုင်ငံ လေ‌ကြောင်းလိုင်း(Korean Air) သည် လေယာဉ်များ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် ကုမ္ပဏီမှချမှတ်ထားသည့် ရေရှည်တည်တံ့မှုရည်မှန်း ချက်ပန်းတိုင်များ ရောက်ရှိစေရန်ရည်ရွယ်၍ Boeing ကုမ္ပဏီထုတ် လေယာဉ်အသစ်များကို အစီးရေ ၅၀ အထိ ဝယ်ယူသွားမည်ဖြစ်ပါကြောင်း လေကြောင်းလိုင်းကဏ္ဍမှ သုတေသီများက ပြော ကြားခဲ့ပါသည်။

ဗြိတန်နိုင်ငံတွင် လက်ရှိကျင်းပနေသော Farnborough International Airshow 2024 ကာလဖြစ်သည့် ၂၂-၇-၂၀၂၄ ရက်နေ့တွင် Korean Air နှင့် Boeing ကုမ္ပဏီတို့သည် နားလည်မှု စာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ လက်မှတ်ရေးထိုးသည့်ပွဲသို့ Korean Air ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Walter Cho နှင့် Boeing Commercial Airplanes ၏ CEO ဖြစ်သည့် Ms. Stephanie Pope တို့ တက်‌ရောက်ခဲ့ကြပါသည်။ နားလည်မှုစာချွန်လွှာအရ Korean Air သည် Boeing 777-9 အစီးရေ (၂၀) စီး၊ Boeing 787-10 အစီးရေ (၁၀) စီးကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး လိုအပ်လျှင် Boeing 787 Dreamliner အစီးရေ (၁၀) စီးကိုပါ ဝယ်ယူသွားမည်ဖြစ် ပါသည်။

Boeing 777-9 နှင့် 787-10 လေယာဉ်များကို ထပ်မံဖြည့်စွက်ခြင်းသည် Korean Air ကို တိုးချဲ့၍ အဆင့်မြှင့်တင်မည့် မဟာဗျူဟာမြောက်ရည်မှန်းချက်တွင် အရေးပါသောမှတ်တိုင်တစ်ခု ဖြစ်သည်ဟု Korean Air ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Walter Cho ကပြောကြားခဲ့ပါသည်။ ယခု ကဲ့သို့ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးလေယာဉ်စီးမှုအတွေ့အကြုံ (Best-in-Class Flying Experience) ကို ဖန်တီးပေးမည်ဆိုသည့် Korean Air ၏ ကတိကဝတ်ကို အလေးအနက်ထား ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ လေယာဉ်သစ်များသည် ခရီးသည်များကို သက်တောင့်သက် သာရှိစေမည့်အပြင် လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုလည်း  သိသိသာသာလျှော့ချပေးမည်ဖြစ်သည့်အ တွက် ရေရှည်တည်တံ့ခိုင်မြဲမည့် လေကြောင်းလိုင်းဖြစ်စေရေးကတိကဝတ်ကို အထောက်အပံ့ပေး ခြင်း ဖြစ်ပါကြောင်း Korean Air ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Walter Cho ကပြောကြားခဲ့ပါသည်။

Boeing Commercial Airplanes ၏ CEO ဖြစ်သည့် Ms. Stephanie Pope ကလည်း Korean Air သည် Boeing ကုမ္ပဏီမှ ထုတ်လုပ်သည့် အကြီးဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံး လေ ယာဉ်များကို ရွေးချယ်ဝယ်ယူသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ၎င်းလေယာဉ်များသည် Korean Air ၏ ရေရှည်တည်တံ့မှုရည်မှန်းချက်ပန်းတိုင်များကိုရောက်ရှိစေရေး အထောက်အပံ့ပေး နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Boeing 777-9 သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အမေရိကန်ပြည်ထောင်စုရှိ နှစ်သက်ရာ လေဆိပ်များအကြား ကီလိုမီတာ ၁၃,၀၀၀ ကျော်ကို တိုက်ရိုက်ပျံသန်းနိုင်ပြီး Boeing 787-10 သည် 787 အမျိုးအစားလေယာဉ်များအနက် အကြီးဆုံးဖြစ်ပါသည်။ ထို့ပြင် ခရီးသည်နှင့် ကုန်စည်များကို Boeing 787-9 ထက် ၁၅ ရာခိုင်နှုန်းကျော် ပိုမိုသယ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အခြားသော အရွယ်အစားတူလေယာဉ်များထက် လောင်စာဆီသုံးစွဲမှုသက်သာသည့်အပြင် ကာ ဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည်လည်း ၂၀ ရာခိုင်နှုန်းကျော် သက်သာမည်ဖြစ်ပါသည်။

 

Source: The Korea Herald (23-7-2024)

ဒေါ်ပပ၊ စီးပွား‌ရေးသံမှူး၊ ဆိုလ်း။

 

Category: International News