ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်ဝင်းက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့အောက်တိုဘာလအတွင်းက ကဏန်းပျော့ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကဏန်းပျော့ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။ “ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်က အရင်ကထက်ပိုမိုဝယ်ယူလာပါတယ်။ နိုဝင်ဘာလမှာ အောက်တိုဘာလကထက် ကဏန်းပျော့ပိဿာချိန် ၂၇၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ လပွတ္တာမြို့နယ်ကနေ ထွက်ရှိတဲ့ ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်ဝင်းက ပြောပြသည်။ လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကဏန်းပျော့အသေးတစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀၊ အကြီးတစ်ပိဿာလျှင် ငွေကျပ် ၃၅၅၀၀ ထိ အရွယ်အစားအပေါ် မူတည်ကာ ဈေးနှုန်း အနိမ့်အမြင့်ရှိကြောင်း၊ အဆိုပါကဏန်းပျော့များ ပိုမိုတင်ပို့နေရသည့်အတွက် ရေလုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များအလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ