မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရလွယ်ကူသော ရုံးပတီသီးနှံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီးနှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများရှိပြီး ပတ်လတ်ရုံးပတီမျိုးများကို အများဆုံး စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် မျိုးစေ့ 10 kg ပါ တစ်ထုပ်ခန့် ကုန်ကျကြောင်း၊ တန်းခြား သုံးပေ၊ ပင်ခြား တစ်ပေ-တစ်ပင်ခွဲထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး၊ မျိုး၊သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို သုံးရက်ခြား တစ်ကြိမ်နှုန်းဖြင့် သတ်တမ်း နှစ်လခန့်အထိ ခူးဆွတ်ရပြီး တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၂၀၀-၁၃၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ရန်ကုန်မြို့နှင့် ညောင်လေးပင်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေး ကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: ကြေးမုံသတင်းစာ