မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း ပဲစင်းငုံသီးနှံစိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် ၅၈၉၃ ဧက၊ တောင်သာမြို့နယ်တွင် ၁၈၉၃၁ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၇၉၂၆၁ ဧက စုစုပေါင်း ၁၀၄၀၈၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ပဲစင်းငုံသီးနှံကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းရကြောင်း၊ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် ပဲစင်းငုံရွှေဒင်္ဂါးမျိုးများကို စိုက်ပျိုးကြကြောင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုးစေ့နှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၃၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ပျမ်းမျှ ၈-၉ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန်မြို့ဘုရင့်နောင် ကုန်စည်ဒိုင်ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ