မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် ယှဉ်ပြိုင်မှုဥပဒေသည် စီးပွားရေးနှင့်သက်ဆိုင်သည့် ကဏ္ဍတိုင်းနှင့်ပတ်သက်နေသည့်အတွက် သဘောသဘာဝအရ ကျယ်ပြန့်သကဲ့သို့ နိုင်ငံတကာတွင်လည်း ဒေသတွင်း၊ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြပြီဖြစ်သည့်အတွက် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ နောက်ပိုင်း ကမ္ဘာ့စီးပွားရေးပြန်လည်ထူထောင်မှုတွင် ယှဉ်ပြိုင်မှုဥပဒေ၏ အခန်းကဏ္ဍ၊ ဒစ်ဂျစ်တယ်စီးပွားရေးတွင် ယှဉ်ပြိုင်မှုဥပဒေ၏ အခန်းကဏ္ဍစသည်ဖြင့် အသစ်အသစ်သော အခြေအနေများတွင်လည်း ယှဉ်ပြိုင်မှုက ပိုမိုအရေးပါလာသည့်အတွက် နောက်ကျမကျန်ခဲ့စေရေး ပိုမိုအား စိုက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းတွင် တရားမျှတသည့် ယှဉ်ပြိုင်မှု ထွန်းကားရေး အတွက် ထိန်းကျောင်းဆောင်ရွက်ရမှာဖြစ်သကဲ့သို့ ပြည်ပဆက်ဆံရေးတွင်လည်း လစ်ဟင်းမှုမရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒေသတွင်းနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Source: https://commerce.gov.mm