Local News

မွန်ပြည်နယ် ဆားဈေးကွက်အတွင်း ဆားဈေးနှုန်း ကျဆင်းနေသော်လည်း အရောင်းအဝယ် ပုံမှန်ရှိနေ

Last Updated:

မွန်ပြည်နယ် ဆားဈေးကွက်အတွင်း ဆားဈေးနှုန်းကျဆင်းနေသော်လည်း အရောင်းအဝယ် ပုံမှန်ရှိနေသည့်အတွက် ဆားတောင်သူများ အဆင်ပြေလျက်ရှိကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

ဆားလုပ်ငန်းကို ပွင့်လင်းရာသီတွင် စတင်လုပ်ကိုင်ကြပြီး မုတ်သုံဝင်ပါက ဆားထုတ်လုပ်သည့် လုပ်ငန်းများ ရပ်နားကြကြောင်း၊ ယခုနှစ် ဆားထုတ်လုပ်သည့်ရာသီတွင် ရာသီဥတုကောင်းမွန်သောကြောင့် ဆားအထွက်နှုန်းပြည့်မီသည့်အပြင် ဆားဝယ်လိုအားပါ ကောင်းမွန်ကြောင်း၊ ထို့ပြင် ဆားဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလက ဆားကြမ်းတစ်ပိဿာလျှင် ငွေကျပ် ၁၈၅ ကျပ်အထိ ဈေးကောင်းရရှိခဲ့ပြီး   ယခုလတွင်  တစ်ပိဿာလျှင် ငွေကျပ် ၁၆၀ ကျပ်အထိ ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။

မွန်ပြည်နယ်မှ ဆားရာသီ တစ်ရာသီလျှင် ဆားတန်ချိန် သုံးသောင်းဝန်းကျင်ထွက်ရှိပြီး လက်ရှိအချိန်ထိ ဆားတန်ချိန် တစ်သောင်းကျော်ထွက်ရှိကာ ထွက်ရှိသမျှ ဆားများအရည်အသွေး ကောင်းမွန်သည့်အတွက် ဈေးကွက်အတွင်း ရောင်းအားကောင်းမွန်ကြောင်း၊ လတ်တလောတွင် ဒေသတွင်းစားသုံးမှုအပြင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်မှထွက်ရှိသည့် ဆားကြမ်းများကို ဆားချောကြိတ်ပြီး မန္တလေးတိုင်းဒေသကြီးသို့တင်ပို့ကာထိုမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊  ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့သို့ တင်ပို့သကဲ့သို့ တနင်္သာရီတိုင်း ဒေသကြီးမှလည်းမှာယူလျက်ရှိကြောင်း သိရသည်။  

Source: https://www.myawady.net.mm

Category: Local News