Local News

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးကြင်းပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးကြင်းပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရကြောင်း ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးက ပြောပြ၍ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ငါးကြင်းပိဿာချိန် ၇၆၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ငါးကြင်းပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ငါးကြင်းများကို ရန်ကုန်ဈေးကွက်မှဝယ်ယူမှုအားကောင်းလာခြင်းကြောင့် တင်ပို့အားတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိ ငါးကြင်းဈေးကလဲ ကောင်းနေပါတယ်။ ရောင်းလို့ဝယ်လို့အဆင်ပြေပါတယ်။ ဒီဘက်ပွဲရုံတွေကို ငါးကြင်းအဝင်နည်းနေတာရယ်၊ ရန်ကုန်ဘက်က ဒေသငါးကြင်းတွေ အဝယ်လိုက်နေတာကြောင့် ငါးကြင်းတင်ပို့ရောင်းချအားတက်ခဲ့တာပါ။ ရန်ကုန်ဈေးကွက်က ငါးကြင်းတွေကို ဇွန်လပထမပတ်လောက်ကတည်းက စတင်ဝယ်ယူမှု ကောင်းခဲ့တာ။ အခြား ငါးတွေလဲ ဝယ်ယူမှုအားကောင်းလာတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်ကနေ ငါးတွေဝယ်ယူမှုအားကောင်းလာပေမဲ့ ဈေးကတော့ မတက်သေးပါဘူး” ဟု ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးက ပြောပြသည်။

ဝါးခယ်မမြို့နယ်တွင် ဒေသရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများသည် ရေထွက်ကုန်များကို ဝယ်ယူပြီးဒေသဈေးအပြင် ရန်ကုန်မြို့ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News