Local News

ပြည်တွင်း မြေပဲနှင့် မြေပဲဆီဈေး အမြင့်ဈေးတွင် ရှိနေ

Last Updated:

ပြည်တွင်းမြေပဲနှင့် မြေပဲဆီ ဈေးကွက်သည် အမြင့်ဈေးတွင်ရှိနေပြီး မန္တလေးဈေးကွက်တွင်သာ  လက်ကျန်ပစ္စည်းရှိတော့ ရာတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ အထိ ပေါက်ဈေး ရှိလာသည်။အဓိက မြေပဲလက်ကျန် နည်းပါးလာခြင်း ပြည်တွင်းဆီ စက်ပိုင်များ၏ ဝယ်လိုအားကောင်းနေခြင်းကြောင့် မြေပဲဆန်မှာ အမြင့်ဈေးတွင်ရှိနေခြင်း ဖြစ်သည်။

"ဧပြီလဆန်းပိုင်းက ထွက်ရှိထားသည့် မြေပဲများနှင့် ကျွန်းမြေပဲများ လက်ကျန်နည်းပါးလာပါပြီ။ တချို့လည်း မရောင်းသေးဘဲ မြေပဲအတောင့်လိုက် လှောင်ထားသူတွေကတော့ အခုချိန် အကျိုးအမြတ်များပါတယ်။ မြေပဲ ပေါ်ပေါ်ချင်းရောင်းတဲ့ တောင်သူ တွေကလည်း ဈေးကောင်းရခဲ့ ပါတယ်"ဟု မြေပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။ ဇူလိုင် ၂၄ ရက် မန္တလေး ဈေးကွက်တွင် မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈၃၀၀-၈၅၀၀ ပေါက်ဈေးရှိနေပြီး  မြေပဲဆီ တစ်ပိဿာလျှင်  ငွေကျပ် ၁၇၀၀၀-၁၈၀၀၀၊ ပဲဖတ် တစ်ပိဿာလျှင် ငွေကျပ် ၄၀၇၀ ပေါက်ဈေးရှိနေသည်။

မြေပဲဆံဈေးမြင့်တက်မှုနဲ့အတူ မြေပဲဆီဈေးကလည်း အရင်က တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ခန့်သာ ပေါက်ဈေးရှိရာမှ ယခုအခါ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ ထိ မြင့်တက်လာသည်။ မြေပဲဆံကို ဧရာ၀တီမြစ်ရိုး တစ်လျှောက်နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းဒေသ ကြီးတို့တွင် အများဆုံးစိုက်ပျိုး ကြသည်။        

လက်ရှိအချိန်တွင် ပြည်တွင်း ဆီလိုအပ်ချက်မြင့်မားနေတာကြောင့် မြေပဲကို တိုးမြှင့်စိုက်ပျိုးသင့်ကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News