Local News

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း (၁၅) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာ ပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာ

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ်နိုင်ငံတကာပြပွဲဗဟိုဌာန၌  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်‌နေ့ (၁၆:၄၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့သည်။

အဆိုပါပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက် နိုင်ခြင်း၊ စီးပွာ‌ရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်မည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲသို့ တက်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုအခြေအနေများအား လေ့လာကာ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆိုင်ရာကိစ္စများ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

အဆိုပါခရီးစဉ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊ ဌာနဆိုင်များမှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News