စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် (၂) သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပို့ကုန်ကြေညာလွှာ (Export Declaration- ED) နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID) များ မှန်ကန်မှုရှိစေရေး ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များက စနစ်တကျစိစစ်စစ်ဆေးရန်၊ သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံး လုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ်ပေးဆောင်ခြင်းများ ဆောင်ရွက်ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်အပြည်ပြည် ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း (ဝမ်ပုံ) သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များ၏ ရှင်းလင်းတင်ပြမှုအပေါ် မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကိုစစ်ဆေးရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်(မြန်မာ)-ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဆင့်ခံဖြတ်သန်းကုန်သွယ်မှု (Transit Trade) တိုးတက်ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများသာမက ဒေသရှိတိုင်းရင်းသား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ကြ စေရေးမှာကြားပြီး ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
Source: https://commerce.gov.mm