ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ဒေသထွက် မုန်လာဥဖြူများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ်မှ ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ဒေသခံတောင်သူများစိုက်ပျိုးထုတ်လုပ်သည့် ဒေသထွက် မုန်လာဥဖြူများ အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် မုန်လာဥဖြူများ လက်ရှိတစ်ရက်လျှင် ပိဿာချိန် ၅၀၀ မှ ၁၂၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “လက်ရှိ ညောင်တုန်းမြို့နယ်ကနေ မုန်လာဥဖြူတွေ ထွက်ရှိနေပါတယ်။ ထွက်ရှိလာတဲ့ မုန်လာဥဖြူတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ အခုဒေသထွက် မုန်လာဥဖြူတွေ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်ကောင်းနေတာဖြစ်ပါတယ်။ အခုမုန်လာဥဖြူဈေးကလဲ အနည်းငယ် ကောင်းလာပါတယ်။ ဒေသထွက် မုန်လာဥဖြူတွေအပါအဝင် ကုန်စိမ်းမျိုးစုံကို အခြားဒေသတွေက ဝယ်ယူမှုအားကောင်းနေပါတယ်။ ဒေသထွက်ကုန်တွေကိုပဲ အရောင်းအဝယ်လုပ်ရတော့ သယ်ယူစရိတ်သက်သာပါတယ်” ဟု သိရသည်။ ညောင်တုန်းမြို့နယ်တွင် ဒေသထွက် မုန်လာဥဖြူ ၁၀ ပိဿာလျှင် ငွေကျပ် ၂၈၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း၊ အဆိုပါ မုန်လာဥဖြူများ အရောင်းအဝယ်ကောင်းနေသည့်အတွက် ကုန်စိမ်းသည်များ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်သားများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လျက်ရှိကြောင်း ညောင်တုန်းမြို့နယ်မှ ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံသတင်းစာ