International News

တရုတ်ဈေးကွက်သို့ တင်ပို့မည့် GI ထုတ်ကုန် ၃ မျိုး ကမ္ဘောဒီးယားအစိုးရ သတ်မှတ်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရန်အတွက် Kampong Speu ထန်းလျက်၊ Kampot-Kep ဆားနှင့် Mondulkiri သဘာဝပျားရည်တို့ကို ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (GI) ထုတ်ကုန် (၃) မျိုးအဖြစ် ဖော်ထုတ်ခဲ့ပြီး၊ တရုတ်နိုင်ငံတွင် ထုတ်ကုန်များ ဈေးကွက်မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီမှုများ ရရှိရေး‌ဆောင်ရွက်လျက်ရှိကြောင်း Khmer Times သတင်းဌာနက ရေးသားဖော်ပြပါသည်။

အပြည်ပြည်ဆိုင်ရာ မူပိုင်ခွင့်အဖွဲ့ (WIPO) မှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနမှ ညွှန်ကြားရေးမှူးနှင့် အမျိုးသားအဆင့် မူပိုင်ခွင့် ကော်မတီ၊ အတွင်းရေးမှူးတို့ပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို မကြာသေးမီက ပြုလုပ်ခဲ့ရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပါ GI ထုတ်ကုန်များနှင့် တရုတ်ဈေးကွက်အတွက် အမှတ်တံဆိပ် ထုတ်ကုန်များ မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းအချက်အလက်များကို မျှဝေခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံ၌ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးရေးသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်နိုင်ရန်နှင့် အလားအလာရှိသော အရည်အသွေးမြင့်ထုတ်ကုန်များအား ရွေးချယ်ပြီး တရုတ်နိုင်ငံ၌ မှတ်ပုံတင်ခွင့်ရရှိရေးဆောင်ရွက်ခြင်း၊ အကာအကွယ်ပေးခြင်းနှင့် တရုတ်ဈေးကွက်သို့တင်ပို့ခြင်းတို့ကို ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (GI) အမှတ်အသားများနှင့် ကုန်စည်များဆိုင်ရာအသင်း  သို့မဟုတ် စုပေါင်းကုန်အမှတ်တံဆိပ်များဆိုင်ရာအသင်း သို့မဟုတ် ကုန်ထုတ်လုပ်သူများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် အဆိုပါအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးတွင် ကုန်ပစ္စည်းဂုဏ်သတင်းနှင့် e-commerce စနစ်ဖြင့် စျေးကွက်မြှင့်တင်ရေး နည်းလမ်းများအပြင် တရုတ်နိုင်ငံရှိ နိုင်ငံတကာပြပွဲများတွင် ပါ၀င်ဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ GI ထုတ်ကုန် ၇ ခုနှင့် စုပေါင်းအမှတ်တံဆိပ် ၈ ခုရှိပါကြောင်း၊ တရုတ်ဈေးကွက်သို့တင်ပို့ရန် အလားအလာရှိသည့် ထုတ်ကုန် ၃ မျိုးမှာ Kampong Speu ထန်းလျက်၊ Kampot-Kep ဆားနှင့် Mondulkiri တောပျားရည်တို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဉာဏမူပိုင်ခွင့် ဒါရိုက်တာ Mr. Soun Vichea က ပြောကြားခဲ့ပါသည်။

စီမံကိန်းအောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်စဉ်ကာလအတွင်း ရှင်းလင်းလွယ်ကူသော သဘောတရားစာတမ်းတစ်ရပ်ကို ပြင်ဆင်ပေးရန် WIPO အား ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်း၊ လက်ရှိတွင် Kampot ငရုတ်ကောင်း၊ Kampong Speu ထန်းလျက်၊ Koh Trong ကျွဲကောနှင့် Mondulkiri တောပျားရည်စသည့် GI ထုတ်ကုန် အနည်းငယ်မျှကိုသာ သတ်မှတ်ထုတ်ပြန်ထားနိုင်ကြောင်း၊ ၎င်းတို့ အနက် Kampot ငရုတ်ကောင်းနှင့် Kampong Speu ထန်းလျက် ထွက်ကုန်များသာ ဥရောပ ဈေးကွက်တွင် GI ထုတ်ကုန်များအဖြစ် နိုင်ငံတကာအဆင့်စာရင်းဝင်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: Khmer Times, 15 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News