International News

ကမ္ဘောဒီးယားမှ ထိုင်းသို့ သရက်သီးတင်ပို့မှု စတင်

Last Updated:

ကမ္ဘောဒီးယားလယ်သမားများ၏ လတ်ဆတ်သောသရက်သီးများကို ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် တန်ချိန် ၁၅၀ မှ ၂၀၀ အကြား တင်ပို့နေကြောင်း ကမ္ဘောဒီးယားနိုင်ငံ Battambang ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူ Heng Sith က ၁၇-၃-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါသတင်းသည် ပုံမှန်အစီရင်ခံတင်ပြသော ပို့ကုန်ဆိပ်ကမ်းမှ ကျွမ်းကျင်အရာရှိတစ်ဦး၏ ပြောကြား ချက်အရ ဖြစ်ကြောင်း သိရှိရသည်။

Kamrieng အပြည်ပြည်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးဂိတ်သည် ထိုင်းနိုင်ငံသို့ သရက်သီးတင်ပို့မှုအတွက် အဓိကတံခါးပေါက်အဖြစ် ရပ်တည်လျက်ရှိသည်။ အဆိုပါဂိတ်မှ ဖြတ်သန်းတင်ပို့ ရာတွင် လတ်ဆတ်သော သရက်သီးအားလုံးသည် ထိုင်းနိုင်ငံရှိ ဝယ်လက်ကုမ္ပဏီများမှ သတ်မှတ်ထားသည့် တင်းကြပ်သော ဝယ်ယူရေးစံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာစေရန်အတွက် စနစ်ကျသောနည်းလမ်းတစ်ရပ်ကို အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ စံနှုန်းများတွင် ကောင်းမွန်သော အစားအသောက် သန့်ရှင်းမှုအလေ့အကျင့်များ၊ သရက်သီးအစေး အစွန်းအထင်းမရှိခြင်းနှင့် အထူးပြုထုပ်ပိုးခြင်း ကဲ့သို့သော တင်းကျပ်သော အရည်အသွေး ထိန်းချုပ်မှုအစီအမံများ ပါဝင်သည်။ သို့ရာတွင် ထုတ်ကုန်အားလုံးသည် အဆိုပါ စံနှုန်းများနှင့် မကိုက်ညီဘဲ စံနှုန်းများအောက် လျော့နည်းသွားသော ထုတ်ကုန်များသည် ငြင်းပယ်ခံရပြီး တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ ဈေးကွက်အသိပညာနည်းပါးမှုကြောင့် ငွေ ကြေးဆုံးရှုံးမှုများ ရံဖန်ရံခါဖြစ်ပေါ်လျက်ရှိသည်။

Battambang ခရိုင်တွင် လတ်ဆတ်သောသရက်သီး စိုက်ခင်း ၁၆၀၇၉ ဟက်တာရှိပြီး ဟက်တာ ၁၄၃၄၀ ဆွတ်ခူးပြီးကာ တစ်ဟက်တာလျှင် ပျမ်းမျှအထွက်နှုန်း ၂၁ တန်နှင့် ၇၀၀ ကီလိုဂရမ် ထွက်ရှိကြောင်း Sith ၏ ပြောကြားချက်အရ သိရသည်။ သရက်သီးသည် အခြားလယ်ယာထွက်ကုန်များနှင့်မတူဘဲ စိုက်ပျိုးချိန်ပိုမိုရှည်လျားပြီး ဝယ်သူများကို အမြဲတစေ ဆွဲဆောင်နေကြောင်း၊ ဈေးကွက်လှုပ်ရှားမှုကို အလုံးစုံနားလည်မှုမရှိဘဲ သီးနှံများအချိန်မတန်မီ ပျက်စီးခြင်းမှ ကာကွယ်ရန် တောင်သူလယ်သမားများအတွက် စျေးကွက်အသိပညာပေးခြင်းမှာ အရေးကြီးကြောင်း Sith က အလေးပေးပြောကြားခဲ့သည်။

Rattanak Mondul ခရိုင်တွင် တရုတ်ကုမ္ပဏီတစ်ခုမှ အကြီးစား သရက်သီးထုတ်လုပ်ရေးစက်အား စတင်တည်ထောင်နေပြီဖြစ်ပြီး Battambang ခရိုင်တွင် သရက်သီးထုတ်လုပ်မည့် အလားအလာကို ဖော်ပြနေသည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုသည် တောင်သူလယ်သမားများ၏ ထွက်ကုန်များအတွက် တည်ငြိမ်သောစျေးကွက်ရရှိစေခြင်းဖြင့် ဒေသတွင်းသရက်သီးလုပ်ငန်းကို သိသိသာသာ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။

Source: Khmer Times, 18 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News