Local News

ဆောင်းသီးနှံကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေပြု၍ စီးပွားဖြစ် နှစ်စဉ်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ အောက်ဆိပ်၊ ချင်တောင်၊ မြင်ကဝ၊ ဂွေးပင်၊ ကူရှည်၊ အလယ်စု/ရွာမ၊ လိပ်ခြံအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံကုလားပဲကို မြစ်ရေဝင်ကိုင်းကျွန်းမြေများ၊ ကြက်သွန်ခင်းကျွတ်များ၊ လယ်ကွဲမြေ စပါးခင်းကျွတ်များတွင် နှစ်စဉ်စိုက်ဧက(၃၀၀၀)ခန့်စိုက်ပျိုးပြီး ထိုင်ဝမ်ကုလားပဲလုံးကြီး (အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ကုလားပဲသီးနှံစိုက်ပျိုးရာတွင် လွယ်ကူပြီးကုန်ကျစရိတ်နည်း၍ အထွက်နှုန်းကောင်းမွန်ခြင်းအပြင် ဈေးကွက်ခိုင်မာမှုရှိ၍ ယခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄)တွင် စိုက်ဧက(၄၀၀၀)ခန့်ထိတိုးချဲ့၍ စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလကုန် နိုဝင်ဘာလထိစိုက်ပျိုးပြီး ဖေဖော်ဝါရီလကုန် မတ်လထိ သီးနှံရိတ်သိမ်းကြောင်း၊ မြေအောက်ရေအပြင် ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးကြောင်းသိရှိရပါသည်။

ကုလားပဲသီးနှံတစ်ဧကစိုက်ပျိုးလျှင် အထွက်တင်း(၂၀-၂၂)ထိထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(၆၀၀၀၀၀)ကုန်ကျကြောင်း၊ ယခုနှစ် သီးနှံပေါ်ချိန်၌ ဒေသတွင်းကုလားပဲဈေးကွက်တွင် တစ်တင်းလျှင် ကျပ်(၈၂၀၀၀)ဖြင့်ရောင်းချရ၍ ဝင်ငွေမှာ ကျပ်(၁၆၄၀၀၀၀)ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၀၄၀၀၀၀)ခန့်ရရှိကြောင်း  ဒေသခံစိုက်တောင်သူထံမှ သိရှိရပါသည်။

ကုလားပဲဈေးကွက်အနေဖြင့် သီးနှံပေါ်စမှ ရာသီကုန်ချိန်ထိ ဈေးကွက်ခိုင်မာမှုရှိ၍ တောင်သူများအကျိုးအမြတ်ရရှိလျက်ရှိသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ကုလားပဲလုံးကြီး(အဖြူ)တစ်တင်းလျှင် အမြင့်ဈေးမှာ (၂၀၂၁)ခုနှစ်တွင် ကျပ်(၃၆၀၀၀)၊ (၂၀၂၂)ခုနှစ်တွင် ကျပ်(၇၂၀၀၀)၊ (၂၀၂၃)ခုနှစ်တွင် ကျပ်(၉၀၅၀၀)၊ (၂၀၂၄)ခုနှစ်တွင် သီးနှံပေါ်စ ဖေဖော်ဝါရီလလယ်တွင် ကျပ်(၈၈၀၀၀)ပေါက်ဈေးရှိပြီး ပြည်တွင်းဝယ်လိုအားဈေးကွက်နည်း၍ တစ်တင်းလျှင် ကျပ်(၇၈၀၀၀)ထိကျဆင်းသွားပြီး မတ်လ (ဒုတိယပတ်)တွင် လှောင်လက်သမားများ အဝယ်လိုက်လာ၍ ကုလားပဲအုပ်စုအနည်းငယ်ဈေးတက်လာပြီး တစ်တင်းလျှင် ကျပ်(၈၂၀၀၀)ထိဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုနှစ်တွင် ကုလားပဲဈေးကွက်အနည်းငယ်ကျဆင်းသော်လည်း အထွက်နှုန်းကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင် ကုလားပဲသီးနှံကို တစ်နှစ်လျှင် ဆောင်းတစ်ရာသီသာစိုက်ပျိုးပြီး ပြည်တွင်းသုံးသီးနှံဖြစ်၍ ကုလားပဲကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သော ကုလားပဲခြမ်း၊ ကုလားပဲမှုန့်အစိမ်း/ အကျက်၊ ဘရာကျော်မှုန့်ထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်းစားသောက်ကုန်စီးပွားရေးလုပ်ငန်းရှင်များက ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ပြည်တွင်း SMEs အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းအပြင် ပြည်တွင်းစားသုံးမှုပိုမိုမြင့်မားလာ၍ ကုလားပဲဈေးနှုန်းဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် စိုက်တောင်သူများအနေဖြင့် နှစ်စဉ်မပြတ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News