ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရေဘဝဲပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလအတွင်းက ရေဘဝဲပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း ရေဘဝဲပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။ “ ဒီဒေသကထွက်ရှိတဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဆင်ပြေပြေတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်က ဒီဘက်ကနေ တင်ပို့တဲ့ရေထွက်ကုန်တွေရဲ့ အဓိကဈေးကွက်ပါ။ ပြီးခဲ့တဲ့တစ်လအတွင်း ရေဘဝဲပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့လတ်ဆတ်မှုနဲ့ အရွယ်အစားအလေးချိန်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ လက်ရှိမှာလဲ ရေဘဝဲတွေအဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေ တင်ပို့တဲ့ရေဘဝဲတွေကို ရန်ကုန်ဈေးကွက်က ဒေသတွင်းအပြင် အခြားဒေသတွေကိုပြန်လည်တင်ပို့ရောင်းချနေတယ်လို့ သိရတယ်” ဟု ဒေါ်ဆွေဦးက ပြောပြသည်။ ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၂၇၀၀၀၊ ရေဘဝဲလက်တို တစ်ကီလိုလျှင် ငွေကျပ် ၂၄၅၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များလည်း အရောင်းအဝယ်ကောင်းမွန်ပြီး တင်ပို့အားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်း ကောင်းနေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ