International News

အယ်နီညို နောက်ဆက်တွဲကြောင့် ပြောင်းပြတ်လပ်မှုနှင့် တွေ့ကြုံရတော့မည့် ဇမ်ဘီယာနိုင်ငံ

Last Updated:

အမေရိကန် စိုက်ပျိုးရေးဌာန၊ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာနမှ ထုတ်ဝေသော အစီရင်ခံစာအရ ဇမ်ဘီယာနိုင်ငံသည် အယ်လ်နီညိုနောက်ဆက်တွဲ ခြောက်သွေ့သောရာသီဥတု ဆက်လက်ဖြစ်ပေါ်မှုကြောင့် နိုင်ငံ၏ အဓိကကောက်ပဲသီးနှံထုတ်လုပ်မှု ၅၀ % ကျဆင်းခဲ့ပြီး စားနပ်ရိက္ခာဖူလုံမှုကို ထိန်း သိမ်းရန်အတွက် ၂၀၂၄-၂၀၂၅ ဈေးကွက်နှစ်တွင် ပြောင်းတန်ချိန် ၁ သန်းခန့် တင်သွင်းနိုင်ကြောင်း သိရှိရသည်။

ပြည်တွင်းပြောင်းဈေး တက်လာမှုကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ်အစတွင် ပဲပုပ်အစား ပြောင်းစိုက်ဧရိယာ ကို ၂၀ % တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း ပြောင်း သီး/ပွင့်သည့် အချိန်တွင် ကြာမြင့်နေပြီဖြစ်သော ရာသီဥတုခြောက်သွေ့မှုနှင့် တိုက်ဆိုင်နေခြင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလသည် ၁၉၈၁ ခုနှစ်မှစ၍ အခြောက်သွေ့ဆုံးနှင့် အပူဆုံးလဖြစ်ခြင်းတို့ကြောင့် ဇမ်ဘီယာဒေသအများအပြားတွင် သီးနှံထုတ်လုပ်မှု များ ကျဆင်းခဲ့ရပါသည်။ ခန့်မှန်းအထွက်နှုန်း ပြောင်းတန်ချိန် ၁.၆ သန်းကလည်း လွန်ခဲ့သော ၁၅ နှစ် အတွင်း အနည်းဆုံးထွက်ရှိမှုဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

အာဖရိကတောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် ဇမ်ဘီယာနိုင်ငံတွင် ပြောင်းသည် “ nshima ” ဟုခေါ်သည့် ဂျုံယာဂုပုံစံဖြင့် စားသောက်သည့် အဓိကစားနပ်ရိက္ခာဖြစ်ကြောင်း၊ ဇမ်ဘီယာ လူဦးရေ သန်း ၂၀ ခန့်၏ ကယ်လိုရီလိုအပ်ချက်၏ ၆၀ % ကို ထောက်ပံ့ပေးသည့် အရေးအကြီးဆုံးသီးနှံ ဖြစ်ကြောင်း၊ ပြောင်းစိုက်ပျိုးသည့်တောင်သူများမှာ စိုက်ပျိုးရေးနည်းပညာများနှင့် အလှမ်းဝေးသော အငယ်စားလုပ်ငန်းရှင်များဖြစ်ကြောင်း၊ ထို့ကြောင့် ပြောင်းထွက်ရှိမှု အများစုမှာ မိုးရွာသွန်းမှုအပေါ် မှီခိုနေကြောင်း ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာနမှ ပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံ၏ ပြောင်းစိုက်ဧက ဟက်တာ ၁ သန်းခန့်မှာ မိုးခေါင်မှုကြောင့် ပျက်စီးခဲ့သဖြင့် သမ္မတက "အမျိုးသား သဘာဝဘေးအန္တရာယ် နှင့် အရေးပေါ်အခြေအနေ" ကြေငြာခဲ့ရသည်။ သို့သော် အရန်စား နပ်ရိက္ခာ ပြောင်းတန်ချိန် ၅၀၀,၀၀၀ ခန့်ရှိသော်လည်း အစိုးရက ပုဂ္ဂလိကကဏ္ဍအား မျိုးရိုးဗီဇပြုပြင် မွမ်းမံထားခြင်းမရှိသော အဖြူရောင်နှင့် အဝါရောင်ပြောင်းတင်သွင်းခွင့်ကို ၂၀၂၄ခုနှစ်၊ ဧပြီမှစ၍ ခွင့်ပြုထားပါသည်။

မျိုးရိုးဗီဇပြုပြင် မွမ်းမံထားခြင်းမရှိသော ပြောင်းတင်သွင်းရန် ဇမ်ဘီယာနိုင်ငံ၏ သတ်မှတ်ချက်သည် အိမ်နီးချင်း တန်ဇန်းနီးယားသို့ ဇမ်ဘီယာပြောင်းတင်သွင်းမှုအား ကန့်သတ်ထားခြင်းဖြစ်ပြီး အကြောင်းမှာ တန်ဇန်းနီးယားသည် ပြောင်းစိုက်ပျိုးမှု ၈၅ % ကျော်ကို မျိုးဗီဇပြုပြင်ထားသော မျိုးစေ့များဖြင့် စိုက်ပျိုးထားသည့် တောင်အာဖရိကမှ ပြောင်းတင်သွင်းမှုများကို လက်မခံသောကြောင့် ဖြစ်ပါသည်။

Source: https://www.world-grain.com/

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News