Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း နေလှန်းဆား ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း နေလှန်းဆားပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ချောချောက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သော ဧပြီလအတွင်းက ဒေသထွက်နေလှန်းဆားပိဿာချိန် ၇၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း နေလှန်းဆားပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချရာမှာလဲ ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာပါတယ်” ဟု လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချောချောက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကအသုံးပြုကြောင်း လပွတ္တာမြို့နယ် ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချောချောထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News