Local News

ပြည်ပကဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်အတွင်း ပဲကြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

ပြည်ပကဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်အတွင်း ပဲကြီးအ‌ရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲကြီးကို ယခင်က ကုန်သည်များကဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲကြီးကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပကပါ ဝယ်ယူမှုများပြားလျက်ရှိကြောင်း၊ ပဲကြီးကို ကုန်သည်များက အဝယ်များလျက်ရှိခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ဩဂုတ်လ တတိယပတ်မှစ၍ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“ပဲကြီးက မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ်‌ကောင်းတဲ့ပဲအမျိုးအစားထဲမှာ ပါပါတယ်။ ရန်ကုန်နဲ့ မန္တလေးအပြင် အခြားမြို့တွေမှာလဲ ပဲကြီးအရောင်းအဝယ်ကောင်းလာပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ပဲကြီးအရောင်းအဝယ်ကောင်းမွန်လာမှုကြောင့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ပဲကြီးဈေးနှုန်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။

“မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲကြီးအပြင် ကုလားပဲ၊ နှမ်တွေလဲ အရောင်းအဝယ်ကောင်းတဲ့အမျိုးအစားတွေထဲမှာပါပါတယ်။ အခုလတ်တလော ကုန်စည်ဒိုင်မှာ ပဲကြီးအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေများလာပါတယ်” ဟု ဦးစက်မောင်ဆွေက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News