Local News

ဖျာပုံမြို့နယ်တွင် မြေပဲဆံတစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ဈေးကောင်းရရှိလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် မြေပဲဆံ တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း ဖျာပုံမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်အေးစန္ဒာက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလက မြေပဲဆံ တစ်ပိဿာလျှင် ငွေကျပ် ၇၂၀၀ ထိသာဈေးရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ မြေပဲဆံ တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါဒေသတွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဆံများသည် နွေမြေပဲဆံ လက်ကျန်အ‌ဟောင်းများဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဖျာပုံပဲဈေးကွက်ထဲကို ဒေသမြေပဲဆံတွေအပြင် အခြား‌‌ဒေသက နွေမြေပဲဆံတွေပါ ဝင်ရောကနေပါတယ်။ လက်ရှိ ဖျာပုံမှာ နွေမြေပဲတွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေပဲဆီတွေထုတ်လုပ်မှုအားကောင်းလာတာပါ။ ဘာကြောင့်လဲဆို‌တော့ လာမဲ့ဒီဇင်ဘာလဆန်းလောက်မှာ မြေပဲသစ်တွေ ထပ်ပေါ်လာမှာကြောင့်ပါ။ လာမဲ့ မိုးမြေပဲအသစ်တွေ မပေါ်သေးတဲ့အချိန်ထိ မြေပဲဆန်ဈေးက ကောင်းနေဖို့သာရှိပါတယ်။ အခုနှစ် မြေပဲဆန်တွေဈေးက ကောင်းနေတဲ့အခါကျတော့ တောင်သူတွေက အဓိကအဆင်ပြေနေသလို လုပ်သားတွေနဲ့ ကုန်သည်တွေလဲ အဆင်ပြေလာတာတွေ့ပါတယ်”ဟု ဖျာပုံမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်အေးစန္ဒာက ပြောပြသည်။

ဖျာပုံမြို့နယ်တွင် လက်ရှိ မြေပဲဆုံဆီ အစစ်တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသထွက် မြေပဲဆီနှင့် မြေပဲဆံများကို ဖျာပုံမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ထုတ်လုပ်တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ မြေပဲဆီများ၊ မြေပဲဆံများအရောင်းအဝယ်ကောင်းလာသည့်အတွက် အသေးစားဆီကြိတ်ခွဲသည့်လုပ်ငန်းများလည်း ပြန်လည်လည်ပတ်လုပ်ကိုင်လာနိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News