Local News

မော်လမြိုင်ကျွန်းမြို့နယ်တွင် မင်းဧရာစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁၆၅၀၀၀၀ ထိ ဈေးကောင်းရရှိလာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ‌မော်လမြိုင်ကျွန်းမြို့နယ်တွင် မင်းဧရာစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁၆၅၀၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာဝင်းက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းက မင်းဧရာစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀၀ ထိသာ ဈေးရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၂၅ ရက်နေ့ထိ မင်းဧရာစပါး တင် ၁၀၀ လျှင် ငွေကျပ် ၁၆၅၀၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း သိရသည်။

“မင်းဧရာဆိုတဲ့စပါးက ဆန်ပျော့ အမျိုးအစားထဲမှာပါတဲ့ စပါးအမျိုးအစားပါ။ စားကောင်းပြီးဈေးကွက်ကောင်းပါတယ်။ အခုအရောင်းအဝယ်ဖြစ်နေတဲ့ မင်းဧရာစပါးက လက်ကျန်စပါးအဟောင်းပါ။ ပြည်တွင်းမှာကို ဒီစပါးက ဈေးကောင်း၊ ဈေးကွက်ကောင်းတဲ့ စပါးဖြစ်ပါတယ်။ လက်ရှိ စပါးတင်း ၁၀၀ ကိုငွေကျပ် ၁၀၀၀၀၀ လောက်ထိ ဈေးပိုရနေပါတယ်။ လက်ကျန်စပါးသိုလှောင်သူတွေ အဆင်ပြေနေတယ်။ ဒီစပါးကစိုက်ပျိုးလို့ရတဲ့ဒေသရွေးတယ်လို့ သိရတယ်။ ဒါ့ကြောင့်လဲ စပါးက အထွက်နည်းပါတယ်။ ပြည်ပတင်ပို့လဲ ဈေးကွက်ကောင်းတဲ့စပါးအမျိုးအစားပါ”ဟု ဒေါ်ဇာဇာဝင်းက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် စပါးများ၊ ဆန်များ၊ ဆန်ကွဲများကို ရန်ကုန်မြို့သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ စပါးဈေးကောင်းရရှိလာသည့်အတွက် ဒေသခံတောင်သူများ၊ မင်းဧရာစပါး သိုလှောင်ထားသူများ၊ ကုန်သည်များ၊ လုပ်သားများ၊ ကုန်တင်ကား အငှားလိုက်လုပ်ငန်းရှင်များ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News