မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် နှမ်းနှင့် ပဲဇီးကွက်အရောင်းအဝယ်ကောင်းမွန်လာကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့်ကုန်စည်များထဲတွင် ယခင်က နှမ်းနှင့် ပဲဇီးကွက်မှာ ပြည်တွင်းဈေးကွက်အတွင်းမှ ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးနေခဲ့ကြောင်း၊ လက်ရှိတွင် နှမ်းနှင့် ပဲဇီးကွက်ကို ကုန်သည်များ ဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ်မှာ အကောင်းဆုံးအနေအထားတွင် ရှိနေကြောင်း သိရသည်။ “နှမ်းနဲ့ ပဲဇီးကွက်က အရင်တစ်ပတ်လောက်က မန္တလေးဈေးကွက်ထဲအရောင်းအဝယ်အေးနေခဲ့တယ်။ အခုလက်ရှိမှာတော့ အရောင်းအဝယ်ကောင်းမွန်လာတဲ့အပြင် ပြည်ပကပါဝင်ဝယ်ယူမှုတွေရှိလာပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ ယခု ပဲ၊ ပြောင်း၊ နှမ်းဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းနက်(စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၅၉၀၀၀၀၊ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။ မန္တလေး ပဲ၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ပဲဇီး ကွက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ပေါက်ဈေးရှိကြောင်း၊ ပဲဇီးကွက်ကို တရုတ်နိုင်ငံဘက်ကလည်း ဝယ်ယူမှုများရှိကြောင်း သိရသည်။ မန္တလေး ပဲ၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ကုလားပဲ(V2) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ ကုလားပဲ(V7) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ကုလားပဲ(TW) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၃၀၀၀၊ ကုလားပဲ (929) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၁၀၀၀ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်း ရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ