ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ဒေသထွက် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဘိုကလေးမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်တွင် ဒေသထွက် ကွမ်းရွက်များကို နိုဝင်ဘာလ ပထမပတ်မှ ယနေ့ထိ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသထွက်ကွမ်းရွက်များ တစ်ရက်လျှင် ပိဿာချိန် ၁၀၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “လက်ရှိ ကွမ်းရွက်တွေက ဒေသတွင်းမှာကို အရောင်းအဝယ် ကောင်းနေတာပါ။ လက်ရှိကွမ်းရွက် တစ်ပိဿာကို ငွေကျပ် ၂၅၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ကွမ်းရွက်တွေကို ဒေသဈေးကွက်အပြင် မော်လမြိုင်ကျွန်းနဲ့ အခြားဒေသတွေက ဝယ်ယူမှုအားကောင်းနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ကွမ်းရွက်အရောင်းအဝယ်သမားတွေက ဒေသထွက် ကွမ်းရွက်တွေကို မှာယူတဲ့ဒေသထိ လိုက်လံပို့ဆောင်ပေးပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များက ဒေသထွက် ကွမ်းရွက်များကို စနစ်တကျ ထုပ်ပိုးကာ အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကွမ်းရွက်များအရောင်းအဝယ်ကောင်းလာသည့် အတွက် ကွမ်းရွက်စိုက်ပျိုးသူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းကောင်းလာကြောင်း ဘိုကလေးမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ