Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ငရုပ်သီးအထွက်နှုန်း နည်းသော်လည်း ဈေးကောင်းသဖြင့် စိုက်ပျိုး ရောင်းချသူများ အဆင်ပြေ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေများတွင် ပဲအမျိုးမျိုး၊ ဝါ၊ ငရုပ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ သီးနှံများစိုက်ပျိုးကြကြောင်းနှင့် ငရုတ်စိုက်တောင်သူများအနေ ဖြင့် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းသဖြင့် အသီးအစိမ်းခူးဆွတ်ရောင်းချလျက်ရှိရာ စိုက်ပျိုးရောင်းချသူ များ အဆင်ပြေလျက်ရှိသည်။ ကျောက်ဆည်မြို့နယ်တွင် ငရုပ်သီးအစိမ်း ခူးဆွတ်ရောင်းချသူများအနေဖြင့် ၆၉၂ ငရုပ် မျိုးများ အဓိက စိုက်ပျိုးကြပြီး ဈေးကွက်ရရှိရေး အချိန်ကာလအမျိုးမျိုး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အစိုစိုက် (ရေသွင်းစိုက်ပျိုးခြင်း)နှင့် အခြောက်စိုက်(မြေကျင်းဖော်၍ရေလောင်းစိုက်ပျိုးခြင်း) ဟူ၍ စိုက်ပျိုးကြကြောင်း၊ ငရုပ်သီးနှံဧက ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက မျိုးထုပ် ၁၅ ထုပ်ခန့် ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေ ဖြင့် မြေပြင်သည်မှစ၍ အခင်းဖျက်သိမ်းသည်အထိ သွင်းအားစုထည့်သွင်း အသုံးပြုသည့် အပေါ်မူတည်ကာ ငွေကျပ်သိန်း ၃၀ မှ ၃၅ သိန်းအထိ ကုန်ကျကြောင်း သိရသည်။ ငရုပ်သီးနှံသည် ကာလရှည်သီးနှံဖြစ်ပြီး တောင်သူအများစုသည် အသီးရင့်မှည့်အောင်ထားကာ ခုနစ်ရက်တစ်ကြိမ် ခူးဆွတ်အခြောက်လှန်းရောင်းချခြင်းများ ပြုလုပ်ကြသော်လည်း နေ့စဉ် ဝင်ငွေရရှိလိုသူများအနေဖြင့် ငရုပ်သီးများကို အစိမ်းခူးဆွတ်ရောင်းချလျက်ရှိရာ ငရုပ် သီးအစိမ်းဈေးကောင်းမွန်သောကြောင့် အသီးအစိမ်းခူးဆွတ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ကြေးမုံ သတင်းစာ

Category: Local News