Local News

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကုလားပဲခြမ်းများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်တွင် ကုလားပဲခြမ်းများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျုံပျော်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ ကျုံပျော်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထိ ကုလားပဲခြမ်းများ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ကုလားပဲခြမ်းများ တစ်ရက်လျှင် ပိဿာချိန် ၁၀၀၀ မှ ၂၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကုလာပဲခြမ်းတွေက အရင်ထက် တော်တော်လေးအရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းစားသုံးမှု အားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ်‌ကောင်းလာတာပါ။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ ကုလားပဲခြမ်းတွေက ဆောင်းကာလကျန်တဲ့ ပဲအဟောင်းတွေပါ။ အရောင်းအဝယ်ကောင်းလာတော့ ကုလားပဲစိုက်တောင်သူတွေ၊ ပဲလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက် ကုလားပဲခြမ်းတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူအားကောင်းနေပါတယ်” ဟု ကျုံပျော်မြိုနယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ ကျုံပျော်မြို့နယ်တွင် ကုလားပဲခြမ်းများ အပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများကို တင်ပို့ရောင်းချလျက်ရှိပြီး အဆိုပါ ကုလားပဲခြမ်း တစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News