Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဒေသထွက်ငါးကွမ်းရှပ်ခြောက်များ အ‌ရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဒေသထွက်ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအားများပြီး အရောင်းအဝယ်‌ကောင်းနေကြောင်း လပွတ္တာမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်‌‌ဌေးဌေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ပင်လယ်ငါးကွမ်းရှပ်အချိုခြောက်နှင့် အငန်ခြောက် နှစ်မျိုးထွက်ရှိပြီး မေလပထမပတ်ကစတင်ပြီး ၂၅-၅-၂၀၂၄ ရက်‌နေ့ထိ အ‌ရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါဒေသထွက်ငါးကွမ်းရှပ်ခြောက်များမှာ တစ်ရက်လျှင် ပိဿာချိန် ၂၀၀ မှ ၅၀၀ ထိ ရောင်းချနေရကြောင်း သိရသည်။

“ပင်လယ်ငါးကွမ်းရှပ်ခြောက်တွေ အခု မေလပထမပတ်ကတည်းက စတင်အရောင်းအဝယ်‌ကောင်းနေတာဖြစ်ပါတယ်။ အခု ငါးကွမ်းရှပ်ခြောက်ဈေးကလဲ အနည်းငယ်ကောင်းလာပါတယ်။ ဒေသထွက်ငါးကွမ်းရှပ်ခြောက်တွေ အပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဘက်ကဝယ်ယူမှုအားကောင်းနေပါတယ်။ ပိုမိုပြီး ရောင်းအားရှိနေတာကတော့ ငါးကွမ်းရှပ်ခြောက်ပါ၊ လက်ရှိ ငါးခြောက်ကုန်ကြမ်းတွေ ရှားနေပါတယ်။ မနှစ်ကလောက် မပေါဘူး။ ငါးကွမ်းရှပ်ခြောက် ဝယ်ယူမှုအားကောင်းနေတော့ ငါးခြောက်လုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနေပါတယ်။ အခု မေလထဲမှာလဲ ရန်ကုန်ဈေးကွက်က ငါးကွမ်းရှပ်ခြောက်တွေ အဝယ်လိုက်နေပါတယ်။ အခြားငါးခြောက်တွေထက်  ငါးကွမ်းရှပ်ခြောက်ကပဲ အရောင်းအဝယ်ပိုကောင်းနေပါတယ်” ဟု လပွတ္တာမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်‌ရေးလုပ်ငန်းရှင် ဒေါ်ဌေးဌေးက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးပိ၊ ငါးခြောက်များပြုလုပ်ပြီး ဒေသထွက်ငါးကွမ်းရှပ်ခြောက်များအပါအဝင် ငါးခြောက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်ချလျက်ရှိကြောင်း၊ အဆိုပါ ငါးကွမ်းရှပ်ခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၂၇၅၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News