ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ကာဗွန်ထုတ်လုပ်မှုနည်းပါးစွာ ထုတ်လုပ် ထားသောဆန်များကို ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့သွားမည်ဖြစ်ပြီး အဆိုပါတင်ပို့မှုသည် နိုင်ငံ၏ ခြေလှမ်းအသစ်ဖြစ်ကြောင်း Saigon Giai Phong သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ အထက်တွင် ဖော်ပြထားသည့် အချက်အလက်သည် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာတွင် ဆန်ထုတ်လုပ်မှု၏ အခန်းကဏ္ဍနှင့် ဆန်ထုတ်လုပ်နိုင်စွမ်းကို အကဲဖြတ်ရန် ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်ဖြစ်ကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဗဟိုဌာန (IRRI)နှင့် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စွမ်းဆောင်နိုင်မှုသည် ဗီယက်နမ်နိုင်ငံ၏ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ပြောင်းလဲမှုစီမံကိန်း (VnSAT) နှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ်လုပ်ထားသော ဆန်စပါးစိုက်ပျိုးရေး အစီအစဉ်ကဲ့သို့ ထိရောက်သည့် အစီအစဉ်များမှ တစ်ဆင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချသည့် ရေရှည်တည်တံ့သော အလေ့အကျင့် များကို ကျင့်သုံးရန် ဗီယက်နမ်မှ သိသာထင်ရှားသော ကြိုးပမ်းမှုများ၏ တန်ပြန်ရလဒ်ဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုသည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့မှုအတွက် အဓိကကျသည့် အလျင်အမြန် တိုးတက်ပြောင်းလဲမှု တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho မြို့ရှိ Trung An High-Tech Agriculture Joint Stock ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Pham Thai Binh က ၎င်းတို့ကုမ္ပဏီသည် အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် တန်ချိန် ၅၀၀ ရှိ Japonica ဆန်ကို ဂျပန်သို့ တင်ပို့ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊ အဆိုပါဆန်သည် ကမ္ဘာ့ဝယ်လိုအားအများဆုံး ဈေးကွက်များ အနက် တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ၏ တင်းကျပ်သော နည်းပညာစံနှုန်းများနှင့်အညီ ဗီယက်နမ် နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ်လုပ်ထားသည့် ပထမဦးဆုံးဆန် ဖြစ်ကြောင်း၊ ၎င်း ဆန်စပါးထွက်ရှိမှုမှာ ပမာဏမှာ များပြားခြင်းမရှိသော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေသော ထုတ်ကုန်များဝယ်ယူသည့်ခေတ်တွင် ဗီယက်နမ်ဆန်၏ အလားအလာကို ဖော်ပြခြင်းအားဖြင့် သိသာထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များက ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုပုံစံများကို ပို၍ရေရှည်တည်တံ့ကာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ်လုပ် မှုပုံစံသို့ အောင်မြင်စွာကူးပြောင်းနိုင်မှုကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ IRRI Asia ၏ ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ Jongsoo Shin က ဗီယက်နမ်နိုင်ငံသည် ဆန်လုပ်ငန်းအား ရေရှည် တည်တံ့ခိုင် မြဲ၍ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီကာ အားလုံးပါဝင်သော ပြောင်းလဲမှုဆီသို့ ဦးတည်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗျူဟာနှင့် မူဝါဒအဖွဲ့ (ISPAE) ၏ ညွှန်ကြား ရေးမှူး Tran Cong Thang က လက်ရှိအချိန်တွင် ဆန်လုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍမှ စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၄၈ ရာခိုင်နှုန်း ပါဝင်နေကြောင်း ထောက်ပြခဲ့သည်။ ဗီယက်နမ် နိုင်ငံသည် ကမ္ဘာ့ဆန်တန်ဖိုးကွင်းဆက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းလိုပါက ကာဗွန်ထုတ် လွှတ်မှုနည်းပါးစွာ ထုတ်လုပ်ထားသောဆန်ထုတ်လုပ်ရေးကို ဖွံ့ဖြိုးတိုးတက်စေခြင်းသည် အရေး ပါသော ဦးတည်ချက်တစ်ခုဖြစ်ကြောင်း Tran Cong Thangက အလေးအနက် ပြောကြားခဲ့သည်။
Source: Saigon Giai Phong News , 20 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm