Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ကောက်ရိုးမှိုများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ကောက်ရိုးမှိုများ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကလျာက ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့နယ်တွင် မေလဒုတိယပတ်မှ မေလ၂၆ ရက်နေ့ထိ ကောက်ရိုးမှိုများ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ကောင်းရိုးမှိုများ တစ်ရက်လျှင် ပိဿာချိန် ၁၂၀ မှ ၂၅၀ ထိ အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ “လက်ရှိမှာ ကောက်ရိုးမှို တစ်ပိဿာကို ငွေကျပ် ၁၆၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ဒေသတွင်းဈေးကွက်မှာကိုက မှိုတွေကအဝယ်လိုက်နေတာပါ။ အရောင်းအဝယ်ကောင်းနေပေမဲ့ ကောင်းရိုးမှိုစိုက်သူနည်းတော့ အထွက်နည်းနေပါတယ်။ အဲဒီအတွက် ကုန်ပစ္စည်းက လိုသလောက်မရတဲ့ထိဖြစ်နေပါတယ်။ မှိုအဖူးတွေက အပွင့်တွေထက် ပိုပြီးအရောင်းအဝယ်ကောင်းပါတယ်” ကျောင်းကုန်းမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကလျာက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် ကောက်ရိုးမှိုများကို ကျေးရွာ ၁၃ ရွာမှ တောင်သူများက စိုက်ပျိုးကြပြီး တောင်သူတစ်ဦးလျှင် ၁၅ ပေပတ်လည်ပေါင်မှ ပေါင် ၅၀ ထိ စိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုများသည် စိုက်ပျိုးပြီးသည့်နေ့မှ ၁၅ ရက်ကြာလျှင် တစ်ကြိမ်နုတ်ပြီးရောင်းရကြောင်း၊ မှိုစိုက်ပျိုးရာတွင် ရောင်းတမ်းဝင်သည်ထိ မှိုတစ်ပေါင်လျှင် ငွေကျပ် ၁၄၅၀၀၀ ခန့် ကုန်ကျကြောင်း ကျောင်းကုန်းမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကလျာက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News